နွားထိုးကြီးမှာ အရပ်သားသုံးဦး အဖမ်းခံရပြီး နှစ်ဦးသေဆုံး

RFA Burmese
2023.01.05
နွားထိုးကြီးမှာ အရပ်သားသုံးဦး အဖမ်းခံရပြီး နှစ်ဦးသေဆုံး မန္တလေးတိုင်း၊ နွားထိုးကြီးမြို့အဝင် တစ်နေရာအား တွေ့ရစဉ်။
Citizen Journalist

မန္တလေးတိုင်း နွားထိုးကြီးမြို့နယ် မင်းရွာက အရပ်သားသုံးဦး ဒီဇင်ဘာလ ၃ ရက်နေ့က ဖမ်းဆီးခံရပြီးနောက် ညှဉ်းပန်းနှိပ်စက်ခံထားရတဲ့ ဒဏ်ရာတွေနဲ့ နှစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာ အပြင်းအထန်ရထားတယ်လို့ ဒေသခံတွေက RFA ကို ဒီနေ့ ပြောပါတယ်။

မင်းရွာ အထက်တန်းကျောင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်က ရွာခံတွေဖြစ်တဲ့ အသက် ၄၅ နှစ်အရွယ် ဦးငြိမ်း၊ အသက် ၂၇ နှစ်အရွယ် ကိုသောင်းတန်၊ ၂၅ နှစ်အရွယ် ကိုဇော်ထွေးတို့ကို ဒီဇင်ဘာလ ၃ ရက် နေ့လယ်က စစ်ဆေးမေးမြန်းစရာ ရှိတယ်ဆိုပြီး ဖမ်းဆီးခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။

ဇန်နဝါရီလ ၄ ရက် နောက်တစ်နေ့ မနက်မှာတော့ သူတို့သုံးဦးကို မင်းရွာနဲ့ ၆ မိုင်အကွာ နွားထိုးကြီးမြို့ အရှေ့ဘက် ဂွေးပင်ရိုးရွာကိုသွားတဲ့ လမ်းခွဲနေရာမှာ လာရောက်စွန့်ပစ်ထား ခဲ့တာလို့ ဆိုပါတယ်။

အဲဒီသုံးဦးမှာ ကိုဇော်ထွေးကတော့ အသက်မသေဘဲ ဒဏ်ရာအပြင်းအထန်နဲ့ နွားထိုးကြီးမြို့ ပြည်သူ့ဆေးရုံမှာ အရေးပေါ်လူနာအဖြစ် ကုသနေရတယ်လို့ လုံခြုံရေးအရ အမည်မဖော် လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါ တယ်။

“ဖမ်းတုန်းကတော့ သူတို့တပ်စွဲထားတဲ့ ကျောင်းထဲကို ခေါ်သွားတာ။ သူတို့ ညှဉ်းပန်း နှိပ်စက်ပြီး သတ်ဖြတ်ပြီးတော့မှ ညလူခြေတိတ်ချိန်မှာ ဂွေးပင်ရိုးလမ်းခွဲမှာ သွားစွန့်ပစ် ခဲ့တာ။ သုံးယောက်လုံးကို တစ်နေရာတည်းမှာ စွန့်ပစ်ထားတာ။ လက်ပြန်ကြိုးတုပ် ထားတာ တွေ့ရတယ်။ ဓားဒဏ်ရာလည်းတွေ့တယ်။ သေနတ်ဒဏ်ရာတွေ တွေ့ရတယ်။ အဲဒီမှာ ကိုဇော်ထွေးကတော့ မသေသေးဘဲနဲ့ ဆေးရုံတင်ထားရတယ်။ အခုလက်ရှိအထိ တော့ သေတယ်လို့ မကြားသေးဘူး”

မင်းရွာဟာ မြင်းခြံနဲ့ နွားထိုးကြီးကို ဆက်သွယ်ထားတဲ့ ကားလမ်းနံဘေး ရွာတစ်ရွာဖြစ်ပြီး အိမ်ခြေ ၇၀၀ ဝန်းကျင် ရှိပါတယ်။ စစ်တပ်က တပ်စွဲထားတဲ့ ရွာဖြစ်ပြီး ပြည်သူ့စစ်လို့ ခေါ်တဲ့ ပျူစောထီးတွေလည်း အားကောင်းတဲ့ရွာလို့ ဒေသခံတွေက ပြောပါတယ်။

အခုဖမ်းဆီးသတ်ဖြတ်ခံရတဲ့ အခြေအနေတွေနေနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ မန္တလေးတိုင်းပြောခွင့်ရ တိုင်း စီးပွားရေးဝန်ကြီး ဦးသိန်းဌေးကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။

၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၆ ရက်နေ့ကလည်း မင်းရွာက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဝင် လေးဦးနဲ့ အရပ်သား နှစ်ဦး စုစုပေါင်း ခြောက်ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးသတ်ဖြတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၃ ရက်နေ့ ကလည်း နွားထိုးကြီးမြို့က NLD ပါတီဝင်တွေ အပါ အဝင် ဒေသခံ လေးဦး ဖမ်းဆီးသတ်ဖြတ်ခံရပြီး အလောင်းစွန့်ပစ်ခံထားရတဲ့ ဖြစ်စဉ်တွေ လည်း ရှိခဲ့ပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ဇန်နဝါရီလ ၄ ရက် နေ့အထိ စာရင်းတွေအရ အာဏာသိမ်းပြီးနောက် နိုင်ငံတစ်ဝန်းမှာ ဒီမိုကရေစီရေး လှုပ်ရှားသူနဲ့ ပြည်သူ စုစုပေါင်း ၂၇၀၁ ဦး သတ်ဖြတ်ခံခဲ့ရပါတယ်။  

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။