နေပြည်တော်၊ မြစ်ကြီးနားနဲ့ မြဝတီမှာ စစ်အစိုးရ ကန့်ကွက်သူ ၅၀ ကျော်ဖမ်းခံရ

(စောဖိုးခွား ဝါရှင်တန် ဒီစီ)
2021.02.18

တပ်မတော်က အာဏာသိမ်းလိုက်တာ ဒီနေ့ဆိုရင် ၁၈ ရက်မြောက်ရှိလာပြီဖြစ်ပြီး စစ်အစိုးရ ဆန့်ကျင်ရေး လှုပ်ရှားမှုတွေ နိုင်ငံအနှံ့က မြို့နယ်အသီးသီမှာ နေ့တိုင်းရှိနေပါတယ်။

ဒီနေ့မှာလည်း ဆန္ဒပြသူတွေ အများအပြားဆက်ရှိနေပါတယ်။ နေပြည်တော်၊ မြစ်ကြီးနားနဲ့ မြဝတီမြို့တွေမှာ စစ်အစိုးရဆန့်ကျင် ကန့်ကွက်သူ ၅၀ ကျော်ကို ရဲတပ်ဖွဲ့က ဒီနေ့ဖမ်းဆီးသွားပါတယ်။ စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာတော့ တပ်မတော်သား တပ်ကြပ်ကြီးတစ်ဦးက အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပြည်သူတွေနဲ့ ဒီနေ့ပူးပေါင်းလာပါတယ်။

စစ်အစိုးရ ဆန့်ကျင်ဆန္ဒပြသူတွေဟာ နေပြည်တော်မှာ ဒီနေ့ သောင်းချီရှိပါတယ်။ ဆန္ဒပြသူတွေက အစိုးရရုံး တွေသွားရာ အဓိကလမ်းမကြီးဖြစ်တဲ့ သပြေကုန်းအဝိုင်းမှာ လာရောက်ဆန္ဒပြပြီး တခြားနေရာတွေကို လှည့်လည်ဆန္ဒပြနေတာပါ။ သပြေကုန်းအဝိုင်းမှာ ဒီနေ့နေ့လယ်က ဆန္ဒပြသူတွေ နည်းသွားချိန်မှာ ရဲတပ်ဖွဲ့က အင်အားသုံးပြီး ဝင်ရောက်ဖမ်းဆီးတာတွေ ရေကားသုံးပြီး ဆန္ဒပြသူတွေကို ဖြိုခွင်းတာတွေလည်း ရှိပါတယ်။ အဲဒီအချိန်အတွင်း ဆန္ဒပြသူ ၅၀ ဝန်းကျင်ကို ဖမ်းဆီးသွားတဲ့အပြင် ကားတွေနဲ့ ဆိုင်ကယ်တွေ ကိုလည်း ရဲတပ်ဖွဲ့က သိမ်းဆည်းသွားပါတယ်။

အဲဒီလို ဆန္ဒပြသူတွေ ဖမ်းဆီးခံရပြီးနောက်မှာ တခြားနေရာတွေမှာ ရောက်နေသူတွေက သပြေကုန်းအဝိုင်းကို လာရောက်ပြီး ဝန်းရံဆန္ဒပြခဲ့ပြီး ဖမ်းဆီးခံထားရသူတွေ ပြန်လွှတ်ပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့မှာလည်း စစ်အာဏာရှင်ကန့်ကွက်သူ တစ်သောင်းခန့်ဟာ မြို့တွင်းမှာ လှည့်လည်ဆန္ဒပြခဲ့ပါတယ်။ ဆန္ဒပြသူတွေကို တပ်မတော်နဲ့ ရဲတပ်ဖွဲ့ အင်အားတစ်ရာခန့်က မြန်မာ့စီးပွားရေး ဘဏ်ရှေ့မှာ ပိတ်ပင်တားဆီးထားပါတယ်။

အဲဒီနေရာက ဆန္ဒပြသူတွေထဲမှာပါဝင်တဲ့ ထော်လာဂျီကားမောင်းသူတစ်ဦးနဲ့ တစ်ခြားအရပ်သား သုံးဦးထက် မနည်းကို တပ်မတော်က ဖမ်းဆီးသွားပါတယ်။

တပ်မတော်ကားပေါ်ကနေ လော်စပီကာနဲ့ ပုဒ်မ ၁၄၄ အကြောင်းနဲ့ ည ၈ နာရီကနေ မနက် ၄ နာရီအတွင်း အိမ်ပြင်မထွက်ဖို့ အမိန့်တွေကို လိုက်နာကြဖို့ ဆန္ဒပြသူတွေကို ပြောခဲ့ပါတယ်။

ထော်လာဂျီကားထဲမှာပါသွားတဲ့ ဆန္ဒပြသူတွေရဲ့ ကြောပိုးအိတ်၊ ကွန်ပျူတာ အစရှိတဲ့ပစ္စည်းတွေကိုတော့ ပြန်လည်ရရှိခဲ့ပြီး အဖမ်းခံရသူကိုတော့ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ခေါ်သွားပါတယ်။

အဲဒီနေရာကနေ စစ်သားတွေနဲ့ရဲတွေက အထက(၁)ကျောင်းဘေးက ထိုင်သပိတ်ဘက်ကို ချီတက်လာတဲ့ အတွက် ထိုင်သပိတ်အဖွဲ့လည်း သပိတ်ကိုရုပ်သိမ်းလိုက်ပါတယ်။

အခြားအဖွဲ့တွေဖြစ်တဲ့ ပင်မသပိတ်စစ်ကြောင်းအဖွဲ့နဲ့ အစိုးရဝန်ထမ်း အဖွဲ့တွေပါဝင်တဲ့ သပိတ်စစ်ကြောင်း အဖွဲ့တွေကတော့ စီတန်းလှည့်လည်ဆန္ဒပြခဲ့ကြပါတယ်။

ရန်ကုန်မြို့က ဆူးလေ၊ လှည်းတန်းနဲ့ မြေနီကုန်းလမ်းဆုံတွေမှာ အရင်နေ့တွေနည်းတူ စစ်အာဏာရှင် ဆန့်ကျင်ဆန္ဒပြသူတွေဟာ အများအပြားရှိနေပါတယ်။ ဒီနေ့ ဆန္ဒပြပွဲမှာ တိုင်းရင်းသားတွေ ပူးပေါင်းတဲ့ လူမျိုးပေါင်းစုံ စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုသပိတ်စစ်ကြောင်းကိုလည်း တွေ့ရပါတယ်။

အဲဒီ စစ်ကြောင်းဟာ မြေနီကုန်းကနေ ထိုင်းသံရုံး၊ တရုတ်သံရုံးနဲ့ ရုရှားသံရုံးတွေရှေ့ကို လမ်းလျှောက်ဆန္ဒပြ ခဲ့ကြပါတယ်။ ဒီသံရုံးတွေရှေ့မှာပဲ စစ်အာဏာရှင် အလိုမရှိကြောင်းနဲ့ အာဏာသိမ်းစစ်တပ်ကို ကူညီတာတွေ မလုပ်ဖိ့ု တောင်းဆိုတာတွေလုပ်ခဲ့ပါတယ်။

လူမျိုးပေါင်းစုံ သပိတ်စစ်ကြောင်းမှာ ပါဝင်သူတွေက အာဏာရှင်စနစ် အလိုမရှိကြောင်းနဲ့ ဖမ်းဆီးခံထား ရသူတွေ လွတ်မြောက်ရေးအပြင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဖျက်သိမ်းဖို့နဲ့ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ပေါက်ရေးကိုလည်း တောင်းဆိုခဲ့ကြပါတယ်။

ဆေးတက္ကသိုလ် ၂ ကျောင်းသား သမဂ္ဂကဦးဆောင်ပြီးလည်း ဝန်ထမ်းတွေ အာဏာဖီဆန်ရေး လှုပ်ရှားမှု CDM မှာ ပါဝင်ဖို့ ဆေးတက္ကသိုလ် ၂ ရှေ့၊ ဆေးတက္ကသိုလ် ဝန်ထမ်းအိမ်ယာရှေ့နဲ့ မြောက်ဥက္ကလာပဆေးရုံရှေ့မှာ ဒီနေ့ ဆန္ဒပြတောင်းဆိုခဲ့ပါတယ်။

မန္တလေးမြို့မှာလည်း စစ်အာဏာရှင် ဆန့်ကျင်ဆန္ဒပြသူတွေဟာ မြို့တွင်းမှာ ဒီနေ့ လှည့်လည်ဆန္ဒပြကြ ပါတယ်။ မနေ့ညက မန္တလေးမြို့ ၇၈ လမ်းနဲ့ ၇၉ လမ်းကြား၊ ၃၄ လမ်းနဲ့ ၃၅ ကြား၊ မီးရထားဝန်ထမ်း တိုက်တန်းကို တပ်မတော် လုံခြုံရေးနဲ့ ရဲတပ်ဖွဲ့ လုံခြုံရေးတွေက အကြမ်းဖက် ဝင်ရောက်ဖြိုခွင်းရာမှာ တရုတ်စစ်သားတွေ ပါဝင်တယ်လို့ အဲဒီအနီးပတ်ဝန်းကျင်မှာ နေထိုင်သူတွေက ပြောပါတယ်။

ပထမ သေနတ် ၁၀ ချက်ကို နေအိမ်တွေပေါ်ပစ်ခဲ့တာဖြစ်ပြီး အဲဒီနောက် မျက်ရည်ယိုဗုံးတွေနဲ့ သေနတ်အချက်ပေါင်းများစွာ ပစ်ခဲ့တယ်လို့ ပြောကြပါတယ်။

ရှေ့တက်လာကြတာတောင်မှ မြန်မာလိုအော်ပြီး တက်လာတာမဟုတ်ဘူး။ အိ၊ အော့၊ ဆန် ဆိုပြီး အော်တက်လာတာ။ သူတို့ကအရင် ကျူးကျော်တွေကိုပစ်တာ၊ သူတို့ထုတော့ ပြန်ပစ်ကြတယ်။ ပရဟိတ အသင်းဆိုလည်း ကားမှန်တွေကွဲတယ်။ တစ်ယောက်က ပေါင်ထိသွားတယ်၊ မီးရထားတိုက်တန်းထဲမှာ လူကြီး၊ လူငယ်အများကြီးပဲ ဒီလိုမလုပ်သင့်ဘူးလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မီးရထားတိုက်တန်းနေ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

တရုတ်စစ်သားတွေ ပါဝင်တယ်ဆိုတဲ့ ပြောဆိုချက်နဲ့ ပတ်သက်ပြီး ရန်ကုန်မြို့က တရုတ်သံရုံးကို RFA က Email ကနေ ဆက်သွယ်မေးမြန်းထားပေမယ့် အကြောင်းပြန်ကြားခြင်း မရှိသေးပါဘူး။

မန္တလေးတိုင်း ဒုတိယ တိုင်းရဲတပ်ဖွဲ့မှူး ရဲမှူးကြီး မောင်မောင်အေးကတော့ ရဲတပ်ဖွဲ့မှာ တရုတ်နိုင်ငံသားတွေ ပါဝင်တာမရှိကြောင်း RFA ကို ပြောပါတယ်။

မီးရထားဝန်တွေဟာ CDM မှာ ပါဝင်လုပ်ဆောင်နေကြတာဖြစ်ပေမယ့် စစ်ကောင်စီက ပိတ်ထားတဲ့ မီးရထားခရီးစဉ်ကို ပြန်လည်ပြေးဆွဲဖို့ လုပ်ဆောင်ခဲ့တာကြောင့် မနေ့ညနေကစတင်ပြီး ပြည်သူတွေနဲ့ တင်းမာမှုတွေ ဖြစ်နေခဲ့တာပါ။

မီးရထားဝန်ထမ်း အပါအဝင် ပြည်သူတွေက တားခဲ့ပေမယ့် ဒီကနေ့ မနက် ၆ နာရီမှာတော့ မန္တလေးကနေ သာစည်- ရန်ကုန်ရထား ထွက်သွားတယ်လို့ သိရပါတယ်။

မီးရထားဝန်ထမ်းတစ်ဦးဖြစ်သူ ပြောပြတာကတော့ ဒီမနက်မောင်းသူက သေနတ်နဲ့ချိန်ခံရလို့ မောင်းရတာပါ။ သူတို့က မောင်းခွင့်ရှိသူ မဟုတ်ပါဘူး။ စက်ခေါင်းမောင်းတွေက လမ်းပိုင်းတစ်နှစ်လောက် မမောင်းတော့ရင် မောင်းခွင့်မရှိတော့ဘူး။ တပ်က ရထားမောင်းဖို့ သင်တန်းတက်ထားသူတွေကိုတော့ မခိုင်းဘဲ မီးရထား ဝန်ထမ်းကို ခိုင်းတာ။ အနိုင်ထက် လုပ်တာပါလို့ ပြောပါတယ်။

မန္တလေးမြို့ဟာ စစ်အာဏာရှင် ဆန့်ကျင်ရေးနဲ့ပတ်သက်ပြီး ဆန္ဒပြမှုတွေမှာ ဒီကနေ့အထိဆို အကြမ်းဖက် ဖြိုခွင်းခံရတာ ၃ ကြိမ်ရှိပြီဖြစ်ပါတယ်။

ကရင်ပြည်နယ်၊ ဘားအံမြို့မှာတော့ စစ်အာဏာရှင်ဆန့်ကျင်ဆန္ဒပြသူ တစ်သောင်းဝန်းကျင်က မြို့တွင်း လှည့်လည် ဆန္ဒပြခဲ့ပါတယ်။

တပ်မတော်နဲ့ ရဲတပ်ဖွဲ့က လုံခြုံရေးအဖွဲ့တွေ မနက်ပိုင်းက မြို့တွင်းလှည့်လည်တာတွေရှိခဲ့ပေမယ့် နောက်ပိုင်း မှာ မတွေ့ရတော့ပါဘူး။ အရင်ရက်တွေက မြန်မာ့စီးပွားရေးဘဏ်ရှေ့မှာ လုံခြုံရေး အင်အားအများအပြား ရှိပေမယ့် ဒီနေ့မှာတော့ အနည်းငယ်သာ တွေ့ရှိရပါတယ်။ ဘားအံမြို့အပြင် ကရင်ပြည်နယ်ထဲက မြဝတီ၊ ကော့ကရိတ်၊ လှိုင်းဘွဲ၊ သံတောင်ကြီးမြို့တွေမှာလည်း ဒေသခံတွေက ဒီနေ့ ဆန္ဒပြခဲ့ပါတယ်။ မြဝတီမြို့ စုပေါင်းရုံးရှေ့မှာ ဆန္ဒပြသူတွေထဲက လူငယ် နှစ်ဦးကို အရပ်ဝတ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေက နေ့လယ်ပိုင်းမှာ ဖမ်းဆီးသွားပါတယ်။

စစ်အာဏာရှင် ဆန့်ကျင်ရေး စစ်ကိုင်းတိုင်း၊ မုံရွာမြို့က ဒီနေ့ ဆန္ဒပြပွဲမှာ မုံရွာမြို့အခြေစိုက် ခြေမြန်တပ်ရင်း ခမရ (၁၆)က တပ်ကြပ်ကြီးတစ်ဦး ဒီနေ့လာရောက်ပူးပေါင်းခဲ့ပါတယ်။

ဆန္ဒပြသူတွေက တပ်မတော်သား လာရောက်ပူးပေါင်းမှုဟာ အဲဒီတပ်ကြပ်ကြီးက ပထမဆုံးဖြစ်ပါတယ်။

ဧရာဝတီတိုင်း ပုသိမ်မြို့မှာလည်း စစ်အာဏာသိမ်းမှု ကန့်ကွက်ဆန္ဒပြသူ ငါးသောင်းဝန်းကျင်ဟာ မြို့တွင်းမှာ လှည့်လည်ဆန္ဒပြခဲ့ကြပါတယ်။ တပ်မတော်နဲ့ ရဲတပ်ဖွဲ့ကတော့ မြန်မာ့စီးပွားရေး ဘဏ်ရှေ့သွားတဲ့လမ်းကို ပိတ်ထားပြီး တခြားနေရာတွေမှာတော့ မတွေ့ရပါဘူး။

ကယားပြည်နယ်၊ လွိုင်ကော်မြို့မှာ စစ်အာဏာရှင် ဆန့်ကျင်ဆန္ဒပြသူတွေ တစ်နေ့ထက်တစ်နေ့ ပိုများလာပြီး ဒီနေ့မှာဆန္ဒပြသူ ငါးသောင်းဝန်းကျင်အထိ ရှိလာပါတယ်။

တပ်မတော်နဲ့ ရဲတပ်ဖွဲ့ လုံခြုံရေးအဖွဲ့တွေက မြန်မာ့စီးပွားရေးဘဏ်ရှေ့နဲ့ လွှတ်တော်ရုံးရှေ့တွေမှာ နေရာချထားတာကို တွေ့ရပါတယ်။ ဖရူူဆိုမှာလည်း အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှု CDM မှာပါဝင်ဖို့ အစိုးရရုံးတွေရှေ့မှာ ဒီနေ့ သွားရောက်ဆန္ဒပြတာတွေလည်းရှိပါတယ်။

ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးမြို့ဒေသခံ တစ်သောင်းဝန်းကျင်ကလည်း အာဏာဖီဆန်ရေး လှုပ်ရေးလှုပ်ရှားမှု CDM မှာ ဝန်ထမ်းတွေ ပူးပေါင်းပါဝင်လာဖို့ မြို့ပေါ်မှာ ဆန္ဒပြတောင်းဆိုခဲ့ပါတယ်။

ပညာရေးဌာနဝန်ထမ်းတွေ တက္ကသိုလ်ကျောင်းသားတွေ တိုင်းရင်းသားလူငယ်တွေနဲ့ ဒေသခံတွေပါဝင်တဲ့ ဆန္ဒပြသူတွေက အရင်ရက်တွေမှာ လားရှိုးတက္ကသိုလ်ရှေ့ကနေချီတက် ဆန္ဒပြခဲ့ရာကနေ ဒီကနေ့မှာတော့ လားရှိုး စည်ပင်ရုံးရှေ့မှာ ငြိမ်းချမ်းစွာနဲ့ ဆန္ဒပြခဲ့ကြတာပါ။

ဆန္ဒပြသူတွေက ဖမ်းဆီးထားသူတွေ လွှတ်ပေးဖို့ကိုလည်း တောင်းဆိုခဲ့ကြပါတယ်။အရင်ရက်တွေက ဆန္ဒပြ ပွဲတွေမှာပါဝင်တဲ့ အမျိုးသားနှစ်ဦးကို ဖမ်းဆီးထားပြီး CDM မှာပါဝင်တဲ့ ဝန်ထမ်းတွေ အလုပ်ပြန်ဆင်းဖို့ ဖိအားပေးနေတာလည်းရှိကြောင်း ဝန်ထမ်းတွေက ပြောပါတယ်။

လားရှိုး အပါအဝင် ရှမ်းပြည် (မြောက်ပိုင်း)က မြို့နယ်တချို့မှာ စစ်အာဏာရှင် အလိုမရှိကြောင်း ဆန္ဒပြမှုတွေ နေ့စဉ် ရှိနေပါတယ်။

တပ်မတော်က အာဏာသိမ်းပြီးချိန်ကစလို့ စစ်အာဏာရှင် ဆန့်ကျင်ရေးလှုပ်ရှားမှုတွေဟာ မြို့နယ်အသီးသီး မှာ နည်းမျိုးစုံနဲ့ ရှိလာပါတယ်။ အဲဒီလို ကန့်ကွက်ဆန္ဒပြသူတွေကို ဖမ်းဆီးအရေးယူတာတွေလည်း ရှိနေပါ တယ်။ အဲဒီထဲက အများစုကို ကိုယ်ပိုင်ခံဝန်နဲ့ ပြန်လွှတ်ပေးလိုက်ပြီး တချို့ကို ဆက်လက်ဖမ်းဆီးထား ပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)က ကောက်ယူထားတဲ့ စာရင်းတွေအရ ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးချိန်ကနေ ဖေဖော်ဝါရီ ၁၅ ရက်နေ့ထိ ဖမ်းဆီးထိန်းသိမ်းခံထားရသူ ၄၂၆ ဦး ရှိနေပြီလို့ ပြောထားပါတယ်။ ဖမ်းဆီးအရေးယူတာတွေ ရှိနေပေမယ့် ဆန္ဒပြသူတွေကတော့ နေ့တိုင်းအများအပြားရှိနေပါတယ်။

ကုလသမဂ္ဂကတော့ ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေကို စစ်တပ်နဲ့ ရဲတပ်ဖွဲ့အနေနဲ့ အရေးယူတာတွေ မလုပ်ကြဖို့ တိုက်တွန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။