ဇန်နဝါရီလအတွင်း နိုင်ငံတစ်ဝန်း နေအိမ်ငါးထောင်နီးပါး မီးရှို့ခံခဲ့ရ
2023.02.02

မြန်မာနိုင်ငံတစ်ဝန်းမှာ ပြီးခဲ့တဲ့ ဇန်နဝါရီလအတွင်း စစ်ကောင်စီတပ်ရဲ့ မီးရှို့မှု ၁၃၈ ကြိမ်အတွင်း နေအိမ် ၄,၈၀၇ လုံးပျက်စီးခဲ့ရပြီး မီးရှို့သတ်ဖြတ်ခံရသူ ၂၃ ဦး ရှိခဲ့တယ်လို့ အမျိုးသားညီညွတ်ရေး အစိုးရ(NUG) ပြည်ထဲရေးနဲ့ လူဝင်မှု ကြီးကြပ်ရေး ဝန်ကြီးဌာန၊ မီးသတ်ဦးစီးဌာနက ဖေဖော်ဝါရီ ၁ ရက် မနေ့က ထုတ်ပြန်ပါတယ်။
မီးရှို့ဖျက်ဆီးခံရမှုဟာ စစ်ကိုင်းတိုင်းထဲမှာ အများဆုံး ဖြစ်ပြီး မီးရှို့ခံရမှု ၁၀၉ ကြိမ်အတွင်း ဘာသာရေး အဆောက်အအုံ ၁၀ လုံး၊ စာသင်ကျောင်း တစ်ကျောင်းနဲ့ နေအိမ် ၄,၂၇၁ လုံး မီးလောင် ပျက်စီးခဲ့သလို ဒေသခံ ၁၇ ဦး သေဆုံးခဲ့တယ်လို့လည်း ဖော်ပြထားပါတယ်။
မကွေးတိုင်းမှာတော့ မီးရှို့ခံရမှု ၁၃ ကြိမ်အတွင်း ဘာသာရေးအဆောက်အအုံ တစ်လုံးနဲ့ နေအိမ် ၃၅၇ လုံး မီးလောင်ပျက်စီးခဲ့တယ်လို့ဆိုပါတယ်။ ကရင်ပြည်နယ်မှာတော့ မီးရှို့ခံရမှု လေးကြိမ်အတွင်း နေအိမ် ၅၉ လုံး၊ မန္တလေးတိုင်းမှာ မီးရှို့ခံရမှု နှစ်ကြိမ်အတွင်း နေအိမ် ၅၂ လုံး၊ တနင်္သာရီတိုင်းမှာ မီးရှို့ခံရမှု ငါးကြိမ်အတွင်း နေအိမ် ၃၄ လုံး၊ မွန်ပြည်နယ်မှာ နေအိမ် ခြောက်လုံး၊ ရခိုင်ပြည်နယ်မှာ နေအိမ်တစ်လုံး၊ ချင်းပြည်နယ်မှာ နှစ်ကြိမ် နေအိမ် ကိုးလုံးနဲ့ ဒေသခံခြောက်ဦး သေဆုံးခဲ့ရတယ်လို့လည်း NUG ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒီအချက်အလက်တွေဟာ မြေပြင်အဖွဲ့အစည်းတွေရဲ့ သတင်းပေးပို့ချက်တွေနဲ့ အရပ်ဘက်အဖွဲ့တွေရဲ့ သတင်းထုတ်ပြန်ချက်တွေအပေါ် အခြေခံပြီး ကောက်ယူ ထားတာလို့ ဆိုပါတယ်။
မီးရှို့ခံရမှု အများဆုံး ဖြစ်ခဲ့တဲ့ စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်မှာ နေထိုင်တဲ့ လုံခြုံရေးကြောင့် အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးကတော့ စစ်ကောင်စီ စစ်ကြောင်းတွေဟာ ရွာတွေထဲ ဝင်ရောက်လာတဲ့အခါ တိုက်ပွဲရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ နေအိမ်တွေကို မီးရှို့ဖျက်ဆီးလေ့ရှိတာ တွေ့ရတယ်လို့ ပြောပါတယ်။
"စစ်တပ်ရဲ့ ယုတ်မာမှုကလေ ပြောလို့တောင် မကုန်နိုင်ပါဘူး။ တိုက်ပွဲ မဖြစ်လည်း ရွာကိုဝင်တယ်။ အိမ်တွေကို မီးရှို့ဖျက်ဆီးတာ ဝမှ စစ်ကြောင်း ပြန်ထွက်တယ်။ ပြည်သူတွေအပေါ် ဘာလို့ ဒီလောက် ရက်စက်နေရတာလည်း နားမလည် နိုင်တော့ဘူး၊ ကျမတို့က အခုဆို အစိမ်းရောင် မြင်ရင် သေအောင်မုန်းနေပြီ"
စစ်ကိုင်းတိုင်းမှာ ခမရ-၃၆၁၊ ခမရ-၃၆၈၊ ခမရ-၃၆၉တို့ အများဆုံး စစ်ရေး လှုပ်ရှားကြပြီး လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ပုံစံမျိုးစုံနဲ့ လုပ်ဆောင်နေတယ်လို့ စစ်ကိုင်းတိုင်းမှာ နေထိုင်တဲ့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီ သတင်းထုတ်ပြန်ရေး အဖွဲ့ကတော့ အရပ်သားတွေရဲ့နေအိမ်တွေကို PDF အဖွဲ့တွေက မီးရှို့မှုကျူးလွန်နေကြတာလို့ တုံ့ပြန်ထားပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် နိုဝင်ဘာလနဲ့ ဒီဇင်ဘာလအတွင်းမှာ NUG/PDF အဖွဲ့တွေရဲ့ လက်ချက်နဲ့ စစ်ကိုင်းတိုင်းနဲ့ ကချင်ပြည်နယ် ဆက်စပ်နေရာတွေမှာရှိတဲ့ ကျေးရွာပေါင်း ၂၂ ရွာမှာ မီးရှို့ခံရမှု ၂၃ ကြိမ်အတွင်း နေအိမ် ၁၁၂၂ လုံး မီးလောင်းဆုံးရှုံးခဲ့ရတယ်လို့ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၄ ရက်နေ့ စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ ဒေသခံတွေကတော့ နေအိမ်တွေကို မီးရှို့ ဖျက်ဆီးတာ၊ ဒေသခံတွေကို ဖမ်းဆီးသတ်ဖြတ်တာတွေကို စစ်ကောင်စီက ကျုးလွန်နေတာလို့ ပြောဆိုကြပါတယ်။
လွတ်လပ်တဲ့သုတေသန အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ မြန်မာ့မဟာဗျူဟာနဲ့ မူဝါဒလေ့လာရေး အင်စတီကျု (ISP-Myanmar) ရဲ့ ဇန်နဝါရီလ ၂၄ ရက် ထုတ်ပြန်ချက်အရ စစ်ကိုင်းတိုင်းမှာ အာဏာသိမ်း နှစ်နှစ်နီးပါးအတွင်း နေအိမ်၊ အဆောက်အအုံ ၄၃,၂၁၆ လုံး မီးရှို့ဖျက်ဆီး ခံခဲ့ရပါတယ်။