စစ်တပ်နဲ့ရဲ အကြမ်းဖက်နေတဲ့ကြားက မြို့ကြီးတချို့တို့မှာ ဆန္ဒပြပွဲတွေ ဆက်ရှိနေ
ဆန္ဒပြသူတွေကို စစ်တပ်နဲ့ ရဲတပ်ဖွဲ့တွေက သေနတ်တွေနဲ့ အကြမ်းဖက်ပစ်ခတ်ဖြိုခွဲကာ ဖမ်းဆီးတာတွေ ရှိနေပေမယ့် မြို့ကြီးတချို့တို့မှာ ဆန္ဒပြသူတွေ နည်းလမ်းမျိုးစုံနဲ့ ဆက်လက်ဆန္ဒပြနေကြဆဲ ဖြစ်ပါတယ်။
ရန်ကုန်တိုင်းထဲမှာတော့ စစ်အုပ်ချုပ်ရေးကြေညာခံထားရတဲ့ ခြောက်မြို့နယ်အပြင် ကျန်တဲ့မြို့နယ်တွေမှာပါ စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေက ပစ်ခတ်နေတာတွေ နေ့ရောညပါ လုပ်နေပြီး လမ်းသွားလာ ပြည်သူတွေကို လမ်းမှာပိတ်ဆို့ထားတဲ့ အတားအဆီးတွေကို အဓမ္မ ဖယ်ရှားခိုင်းနေပါတယ်။
ဆန္ဒပြပြည်သူတွေကို အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်မှုတွေလုပ်ပြီး ဖိနှိပ်နေပေမယ့် ရန်ကုန်၊ မန္တလေး၊ မုံရွာ စတဲ့မြို့ကြီးတစ်ချို့တို့မှာ ဆန္ဒပြပွဲတွေက ဆက်လက်ရှိနေဆဲဖြစ်ပါတယ်။
ရန်ကုန်တိုင်းမှာ စစ်အုပ်ချုပ်ရေးကြေညာခံထားရတဲ့ လှိုင်သာယာ၊ ရွှေပြည်သာ၊ မြောက်ဥက္ကလာ၊ ဒဂုံဆိပ်ကမ်း၊ တောင်ဒဂုံနဲ့ မြောက်ဒဂုံ မြို့နယ်တွေမှာတော့ လူစုတွေ့တာနဲ့တင် ပစ်ခတ်တာတွေလုပ်နေပြီး ဆန္ဒပြပွဲတွေ နောက်ထပ်ရှိမလာအောင် နေ့ရောညပါ ပစ်ခတ်ခြိမ်းခြောက်တာတွေ ဆက်တိုက်လုပ်နေ ပါတယ်။
တောင်ဥက္ကလာပမြို့နယ် ရတနာလမ်းမှာ စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင်တို့က လမ်းပေါ်သွားလာနေတဲ့သူတွေနဲ့ အနီးနားကအိမ်တွေကို တံခါးခေါက်ပြီး အိမ်ထဲမှာနေတဲ့သူတွေကိုခေါ်ကာ လမ်းမပေါ်က ပိတ်ဆို့ထားတဲ့ အတားအဆီးတွေကို ဖယ်ရှားဖို့၊ လမ်းပေါ်ကပ်ထားတဲ့ ဓာတ်ပုံတွေကိုခွာဖို့ အဓမ္မစေခိုင်းတာတွေ ရှိနေပါတယ်။
နေ့ရောညပါ ပစ်ခတ်သတ်ဖြတ်မှုတွေရှိနေပေမယ့် ရန်ကုန်တိုင်း သာကေတ၊ ဒေါပုံ၊ လှိုင်၊ တာမွေ စတဲ့ မြို့နယ်တွေမှာ ဆန္ဒပြပွဲတွေ ဆက်လက်ရှိနေဆဲဖြစ်ပါတယ်။
ရန်ကုန်မြို့ လှိုင်မြို့နယ် လှိုင်ဘူတာရုံလမ်း အင်းစိန်လမ်းမပေါ်မှာ လူငယ်တွေဦးဆောင်တဲ့ ဆန္ဒပြပွဲကို သေနတ်ကျည်ဆံတွေကြောင့် လမ်းမပေါ် သွေးအလိမ်းလိမ်းဖြစ်ခဲ့တာတွေကို မမှုဘဲနဲ့ သူတို့ရဲ့ ဆန္ဒပြပွဲကို တည်ငြိမ်အေးဆေးစွာနဲ့ ဆက်လက်ဆင်နွှဲနေကြတာပါ။
မန္တလေးမြို့မှာ ဒီကနေ့ဆိုရင် မြတောင်သပိတ်စစ်ကြောင်း၊ ပညာရေးသပိတ်၊ ကင်မရာကိုင်သော လက်များ ဆိုတဲ့အဖွဲ့တွေ အပါအဝင် မိတ်ဆွေ၊ သူငယ်ချင်းတွေ စုပေါင်းပြီး ဆိုင်ကယ်တွေနဲ့ မြို့ပတ် ဆန္ဒပြတာတွေ ရှိပါတယ်။
ဆန္ဒပြရာမှာ နေ့စဉ်ပါဝင်တဲ့ လူငယ်တစ်ယောက်ကလည်း သူတို့အနေနဲ့ လုံခြုံစွာနဲ့အန္တရာယ်ကင်းကင်း ဆန္ဒပြနိုင်ဖို့သာ အဓိကထားနေရတယ်လို့ ပြောပါတယ်။
မန္တလေး တစ်မြို့လုံးမှာ စစ်တပ်နဲ့ ရဲတပ်ဖွဲ့တွေက နေရာအနှံ့ချထားပြီး လှည့်ပတ်နေတာတွေရှိပေမယ့် ရှောင်ကွင်းပြီး ဆန္ဒပြနေကြတယ်လို့ သိရပါတယ်။
ချင်းပြည်နယ်မှာ ဆန္ဒပြသူတွေကို စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေက သေနတ်တွေနဲ့ ပစ်ခတ်ဖြိုခွင်းနေကြလို့ ဟားခါးမြို့မှာ ပြောက်ကျားနည်းနဲ့ ဆန္ဒပြကြသလို မင်းတပ်မြို့မှာလည်း လမ်းလျှောက်တာမျိုး မလုပ်ကြတော့ဘဲ ထိုင်သပိတ်အနေနဲ့ ဆန္ဒပြကြပါတယ်။
စစ်ကိုင်းတိုင်း မုံရွာမြို့မှာတော့ ပစ်ခတ်ဖြိုခွဲတာတွေ လုပ်နေတဲ့ကြားကပဲ ဆန္ဒပြပွဲတွေ ဆက်လက် ရှိနေပါတယ်။
မုံရွာမြို့မှာဆန္ဒပြသူတွေကို စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေက သေနတ်တွေနဲ့ အကြမ်းဖက် ပစ်သတ်ဖြိုခွင်းမှု ကြောင့် ဒီနေ့အချိန်ထိ သေဆုံးသူ ၁၀ ဦးကျော်ရှိနေပြီဖြစ်ပါတယ်။
မုံရွာမြို့နယ် ကျောက္ကာလမ်းမှာ ဆန္ဒပြသူတွေဟာ နေ့စဉ်မပြတ်ရှိနေပါတယ်။
အာဏာသိမ်းစစ်ကောင်စီရဲ့ တပ်ဖွဲ့ဝင်တွေက ဆန္ဒပြသူတွေရဲ့ အတားအဆီးတွေကို ဖယ်ရှားရှင်းလင်းတာတွေ လုပ်နေပေမယ့် ဆန္ဒပြပြည်သူတွေက ထပ်မံတားဆီးတာတွေလုပ်ပြီး ဆန္ဒပြနေကြတာဖြစ်ပါတယ်။
မွန်ပြည်နယ် မော်လမြိုင်မြို့မှာတော့ မွန်လူငယ်အင်အားစုတွေက မတ်လ ၁၇ ရက်ညမှာ ၂၀၀၈ ဖွဲ့စည်းပုံ ဥပဒေကို မီးရှို့ဖျက်ဆီးတဲ့ လှုပ်ရှားမှုတွေ လုပ်ခဲ့ပါတယ်။
လှုပ်ရှားမှုမှာတော့ အာဏာရှင်ဟူသမျှ ဆန့်ကျင်တိုက်ဖျက်ရေး၊ ၂၀၀၈ ဖွဲ့စည်းပုံဖျက်သိမ်းရေး၊ ဖက်ဒရယ် ဒီမိုကရေစီ ပေါ်ပေါက်ရေးနဲ့ အမျိုးသားတန်တူခွင့်ရရှိရေးနဲ့ မတရားဖမ်းဆီးထားသူများ အားလုံး ပြန်လွှတ် ပေးရေး ဆိုတဲ့ အချက် ၅ ချက်နဲ့ လှုပ်ရှားနေကြပါတယ်။
မတ်လ ၁၈ ရက်နေ့ ဒီနေ့မှာတော့ မုဒုံမြို့နယ်မှာလည်း ဒီနေ့ ဆန္ဒပြပွဲတွေ ဆက်လက်လုပ်နေပြီး ဒေသခံတွေက ဆိုင်ကယ်တွေနဲ့ မြို့ကိုပတ်ပြီး ဆန္ဒပြနေကြတာဖြစ်ပါတယ်။
ကချင်ပြည်နယ် ဗန်းမော်ခရိုင် မိုးမောက်မြို့မှာ စစ်အာဏာရှင်ကျဆုံးရေးနဲ့ ကချင်လွတ်မြောက်ရေး အဖွဲ့ (KIO/KIA) ကို ထောက်ခံကြိုဆိုတဲ့ ပြောက်ကျားလူပ်ရှားမူကို ဒီနေ့မနက်ပြုလုပ်ခဲ့ပါတယ်။
ကချင်ပြည်နယ်မှာ စစ်အာဏာရှင်ကျဆုံးရေးအတွက် ဆန္ဒပြနေစဉ်အတွငိးမှာ အာဏာသိမ်းစစ်တပ်နဲ့ KIA တို့ တိုက်ပွဲဖြစ်ပွားလာတဲ့နောက် (KIO/KIA) ကိုထောက်ခံကြိုဆိုတဲ့ လှုပ်ရှားမှုတွေရှိလာခဲ့တာပါ။
ချင်းပြည်နယ် မင်းတပ်မြို့မှာ ဆန္ဒပြသူတွေဟာ အထိုင်သပိတ် လှုပ်ရှားခဲ့ကြပြီး ကြွေးကြော်ဆိုင်းဘုတ်တွေကို ကိုင်ဆောင် ဆန္ဒပြနေကြတာဖြစ်ပါတယ်။
စစ်တပ်အာဏာသိမ်းထားတာ အခုဆိုရင် ၁ လနဲ့ ၁၈ ရက်ရှိလာပြီဖြစ်ပြီး အာဏာာသိမ်းတာကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေ တစ်နိုင်ငံလုံးမှာ ကျင်းပနေတာလည်း တစ်လကျော်ကြာမြင့်လာပြီဖြစ်ပါတယ်။
နေ့ခင်းဘက်မှာ ဆန္ဒပြသူတွေဟာ ကြွေးကြော်သံတွေနဲ့ ဆန့်ကျင်ဆန္ဒပြနေကြသလို လူမဲ့သပိတ်တွေနဲ့ပါ ဆန္ဒပြနေကြတာဖြစ်ပြီး ညဘက်တွေမှာလည်း ဖုန်းမီးတွေ၊ ဖယောင်းတိုင်မီးတွေ ထွန်းပြီး ညသပိတ်အနေနဲ့ပါ ဆန္ဒပြမှုတွေ ရှိလာနေတာဖြစ်ပါတယ်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့ AAPP ရဲ့ စာရင်းတွေအရ ဆန္ဒပြသူတွေကို အကြမ်းဖက် ပစ်သတ် ဖြိုခွဲခံရမှုကြောင့် သေဆုံးသူ ၂၁၀ ကျော်ရှိလာနေပြီး ဖေဖော်ဝါရီလ ၁ ရက်နေ့ကနေ မတ်လ ၁၇ ရက်အထိ ဖမ်းဆီး၊ တရားစွဲဆို၊ ပြစ်ဒဏ်ချမှတ်ခံရသူ ၂၁၉၁ ဦးအထိ ရှိပြီဖြစ်ပါတယ်။