နိုင်ငံအနှံ့ဆန္ဒပြပွဲတွေအတွင်း စစ်တပ်နဲ့ရဲက ပစ်လို့ ငါးဦးသေဆုံး

စောဖိုးခွား (ဝါရှင်တန် ဒီစီ)
2021.03.17

စစ်ကောင်စီရဲ့ဖိနှိပ်မှုတွေ ပိုပြီးပြင်းထန်လာနေပေမယ့် နိုင်ငံတစ်ဝှမ်း ဆန္ဒပြပွဲတွေ ဆက်လက် ပေါ်ပေါက်နေ ပါတယ်။ ရန်ကုန်မြို့နဲ့ စစ်ကိုင်းတိုင်း ကလေးမြို့မှာတော့ ဆန္ဒပြသူတွေကို စစ်တပ်နဲ့ရဲက သေနတ်တွေနဲ့ ပစ်ခတ်ဖြိုခွဲလို့ သေဆုံးတာတွေ ရှိခဲ့ပါတယ်။

စစ်ကိုင်းတိုင်း ကလေးမြို့ တောင်ဖီလာရပ်ကွက်က ဆန္ဒပြပွဲမှာ စစ်တပ်နဲ့ ရဲတပ်ဖွဲ့က အကြမ်းဖက် ပစ်ခတ် ဖြိုခွင်းလို့  သုံးဦး သေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ငါးဦးထက်မနည်းတဲ့ ဆန္ဒပြတဲ့သူတွေကိုလည်း စစ်တပ်နဲ့ ရဲတို့က ရိုက်နှက်ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေ က ပြောပါတယ်။

ရန်ကုန်မြို့မှာတော့ နိုင်ငံတစ်ဝှမ်း ဆန္ဒပြပွဲတွေမှာ ကျဆုံးသွားသူတွေအတွက် ဂုဏ်ပြုဆုတောင်းပွဲကို သာကေတမြို့နယ်မှာ မတ်လ ၁၇ ရက် ဒီကနေ့ မနက်က ပြုလုပ်ခဲ့ကြပါတယ်။

မင်္ဂလာတောင်ညွန့်မြို့နယ် ကန်တော်လေးမှာလည်း မတ်လ ၁၆ ရက် မနေ့ညက ပြည်သူတွေရဲ့ ညသပိတ်ကို စစ်ကောင်စီရဲ့ သြဇာခံ စစ်တပ်နဲ့ ရဲက အကြမ်းဖက် ပစ်ခတ်ဖြိုခွင်းခဲ့လို့ အသက် ၂၈ အရွယ် ကိုဆွာလေ့ဟ်(ခ) ဘေတားရဲ့ ဗိုက်ကို ကျည်ထိမှန်ခဲ့ပြီး အဲဒီဒဏ်ရာနဲ့ ဒီနေ့မနက်မှာ သေဆုံးခဲ့ပါတယ်။ သေဆုံးသူ အစ္စလာမ်ဘာသာဝင် ကိုဆွာလေ့ဟ် ရဲ့ ရုပ်အလောင်းကို မနက် ၁၀ နာရီက သင်္ဂြိုဟ်လိုက်ပါတယ်။

ရန်ကုန် အင်းစိန်လမ်းမကြီး လှိုင်ဘူတာရုံလမ်းထိပ်မှာလည်း ဒီကနေ့ နေ့လယ်ပိုင်းက စစ်အာဏာရှင် ဆန့်ကျင်ကြောင်း ဆက်လက်ဆန္ဒပြနေကြပါတယ်။

အဲဒီ လှိုင်မြို့နယ် ဘူတာရုံလမ်းမှာလည်း ဒီနေ့မွန်းလွဲပိုင်းမှာ စစ်တပ်နဲ့ရဲကပစ်လို့ ဦးခေါင်းမှာ သေနတ်ဒဏ်ရာ ရပြီး လူငယ်တယောက် သေဆုံးသွားပါတယ်။

အင်းစိန်မြို့နယ်မှာ အင်အား တစ်ရာလောက်ရှိတဲ့ စစ်တပ်နဲ့ ရဲတွေက ရပ်ကွက်ထဲမှာ ကာရန်ထားတဲ့ အတားအဆီးတွေ၊ ဆန္ဒပြသူတွေရဲ့ အလံတိုင်တွေ ကို ဖြိုဖျက်ရှင်းလင်းနေရပါတယ်။

သင်္ဃန်းကျွန်းမြို့နယ်မှာတော့ ပြည်သူတွေက လေးထောင့်ကန်လမ်းမကြီးပေါ်မှာ ထိုင်သပိတ် ပြုလုပ် နေပါတယ်။ အဲဒီ သင်္ဃန်းကျွန်းမြို့ နယ်ထဲမှာ စစ်အာဏာသိမ်းပြီးဖေဖော်ဝါရီလ ၁ ရက်နေ့ကနေ ဒီနေ့ထိ သေဆုံးသူ စုစုပေါင်း ၁၄ ဦး ရှိနေပြီဖြစ်ပါတယ်။

တောင်ဥက္ကလာပမြို့နယ်မှာ မေတ္တာလမ်းမပေါ်မှာလည်း ဒီကနေ့ ဆက်လက်ဆန္ဒပြနေကြပါတယ်။ တောင်ဥက္ကလာ မာဃလမ်းထဲကို စစ်တပ်နဲ့ ရဲတွေက ဝင်ရောက်လာပြီး သေနတ်တွေနဲ့ အသံဗုံးတွေ ပစ်ဖောက်တာ၊ လူနေအိမ်တွေ၊ ကားတွေကို ရိုက်နှက်ဖျက်ဆီးတာတွေ လုပ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မန္တလေးမြို့မှာ နေ့စဉ် စစ်အာဏာရှင်ကို ဆန့်ကျင်ကြောင်း ပုံစံမျိုးမျိုးနဲ့ ဆန္ဒပြတာတွေ လုပ်ဆောင်နေပြီး ဒီကနေ့ မနက်ပိုင်းမှာလည်း ဆိုင်ကယ်တွေနဲ့ လှည့်လည်ဆန္ဒပြခဲ့ကြပါတယ်။ ဆိုင်ကယ်စီးယာဉ်တန်းပေါ်မှာ အာဏာရှင် ဆန့်ကျင်ကြောင်း ဆိုင်းဘုတ်တွေအပြင် ဘင်ခရာဝိုင်းတွေကိုလည်း တင်ဆောင် တီးခတ်နေကြ ပါတယ်။

အကြမ်းဖက်ဖြိုခွင်းမှုကြောင့် သေဆုံးသူ ရှစ်ဦးအထိ ရှိနေတဲ့ မြင်းခြံမြို့မှာ ဒီနေ့ သပိတ်စစ်ကြောင်း နှစ်ကြောင်း ခွဲပြီး ဆက်လက်ဆန္ဒပြခဲ့ပါတယ်။ စစ်တပ်နဲ့ ရဲ တပ်ဖွဲ့ဝင်တွေနဲ့ ထိပ်တိုက်တွေ့ဆုံမှု မရှိခဲ့ဘူး လို့လည်း ဒေသခံတွေက ပြောပါတယ်။ ပြီးခဲ့တဲ့ မတ်လ ၃ ရက်နေ့က မြင်းခြံမြို့မှာ အကြမ်းဖက် ဖြိုခွင်းခံရပြီး အသက် ၂၂ အရွယ် လူငယ်တစ်ဦး၊ မတ်လ ၁၁ နေ့မှာ လူငယ်တစ်ဦး သေဆုံးခဲ့ပြီး မတ်လ ၁၅ နေ့ကလည်း ၆ ဦး သေဆုံးခဲ့သည်။

စစ်ကောင်စီရဲ့ သြဇာခံတပ်ဖွဲ့ဝင်တွေ အကြမ်းဖက်ဖြိုခွင်းပစ်ခတ်လို့ သေဆုံးမှုတွေ ရှိခဲ့တဲ့ စစ်ကိုင်းတိုင်း မုံရွာမြို့မှာလည်း ဒီကနေ့ ကျောက္ကာလမ်းမှာ အင်အားထောင်နဲ့ချီပြီး အာဏာရှင်ဆန့်ကျင်ကြောင်း ဆက် လက်ဆန္ဒပြနေကြပါတယ်။

အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ဇာတိဖြစ်တဲ့ မကွေးတိုင်း နတ်မောက်မြို့မှာလည်း စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲတွေ ပြုလုပ်ခဲ့ကြပါတယ်။

ချင်းပြည်နယ် တောင်ပိုင်း မင်းတပ်မြို့မှာလည်း စစ်အာဏာရှင်ဆန့်ကျင်ရေးနဲ့ ဖမ်းဆီးခံ ခေါင်းဆောင်တွေ အမြန်ဆုံးပြန်လွှတ်ပေးရေးအတွက် လူအင်အား ထောင်နဲ့ ချီဆန္ဒပြခဲ့ကြပါတယ်။

အဲဒီ မင်းတပ်မြို့မှာ ဆန္ဒပြဦးဆောင်သူ နှစ်ဦးကို ပုဒ်မ ၅၀၅(က)၊ သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေတွေနဲ့ တရားစွဲဖို့ ဖမ်းဝရမ်းထုတ်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။