မျိုးစောင့်ဥပဒေကြမ်းနှစ်ခု မေလ ဆန်းမှာ အသိပေးထုတ်ပြန်မည်


2014.04.03
parliament-082912-b305 နေပြည်တော်မှာ လွှတ်တော်ကိုယ်စားလှယ်များ လွှတ်တော် အစည်းအဝေး တက်ရောက်နေစဉ်။
RFA

သမ္မတ ဦးသိန်းစိန် ဖွဲ့စည်းတာဝန်ပေးအပ်လိုက်တဲ့ မျိုးစောင့်ဥပဒေကြမ်း ရေးဆွဲရေးကော်မရှင်က ကိုးကွယ်ရာဘာသာ ကူးပြောင်းခြင်းဆိုင်ရာ ဥပဒေနဲ့ လူဦးရေတိုးပွားနှုန်း ထိန်းညှိခြင်းဆိုင်ရာ ဥပဒေတွေကို လာမယ့် မေလဆန်းလောက်မှာ  ပြည်သူလူထုထံကို ချပြမှာဖြစ်ကြောင်း ဥပဒေကြမ်းရေးဆွဲရေးကော်မရှင် အတွင်းရေးမှူး ရှေ့နေချုပ်ရုံး ဒုတိယညွန်ကြားရေးမှူးချုပ် ဦးဝင်းမြင့်က ပြောကြားပါတယ်။

မျိုးစောင့်ဥပဒေကြမ်းရေးဆွဲရေး ကော်မရှင်အနေနဲ့ ပြီးခဲ့တဲ့ မတ်လတွင်းကစပြီး ဥပဒေတွေ စတင်ရေးဆွဲနေပြီး လာမယ့် မေလဆန်းမှာ ပထမဆုံးမူကြမ်းကို ပြည်သူကို ချပြမှာဖြစ်တယ်လို့ ဦးဝင်းမြင့်က ပြောပါတယ်။

"ပြီးခဲ့တဲ့ ၂၅ ရက်နေ့ကလေ ကျနော်တို့ ကော်မတီ အစည်းအဝေးခေါ်ပါတယ်၊ ပထမဆုံး အစည်းအဝေးပေါ့၊ ခေါ်ပြီးတော့ ဥပဒေ ၂ ခုရဲ့ ပုံကြမ်းပေါ့ ချပြရေးဆွဲနေပါတယ်၊ မေလဆန်းမှာ ထွက်လာမယ်လို့ ရည်မှန်းထားပါတယ်"

ဥပဒေကြမ်းရေးဆွဲရေး ကော်မရှင်အနေနဲ့ ပြည်သူတွေဆီက အကြံပြုချက်တချို့လည်း ရရှိထားကြောင်း၊ အခု ကော်မရှင်ကရေးဆွဲနေတဲ့  ဘာသာကူးပြောင်းခြင်းဆိုင်ရာ ဥပဒေနဲ့ လူဦးရေတိုးပွားနှုန်း ဥပဒေတွေမှာ  လွတ်လပ်စွာ ယုံကြည်ကိုးကွယ်ခွင့်ကို ပိတ်ပင်တားဆီးခြင်းမရှိသလို အမျိုးသမီးတွေရဲ့ အခွင့်အရေးတွေကိုလည်း  မဆုံးရှုံးရအောင် ရေးဆွဲထားကြောင်းလည်း ဦးဝင်းမြင့်က ပြောပါတယ်။

အမျိုးဘာသာသာသနာ ကာကွယ်စောင့်ရှောက်ရေး (ဗဟို) ဥက္ကဌ ဘဒ္ဒန ္တ တိလောကာဘိဝံသက ကိုးကွယ်ရာဘာသာ ကူးပြောင်းခြင်းဆိုင်ရာ ဥပဒေ၊ လူဦးရေတိုးပွားနှုန်း ထိန်းညှိခြင်းဆိုင်ရာ ဥပဒေ၊ လက်ထပ်ထိမ်းမြားခြင်းဆိုင်ရာ ဥပဒေနဲ့ တစ်လင်တစ်မယားစနစ် ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေ စတဲ့ မျိုးစောင့်ဥပဒေတွေကို ပြဌာန်းပေးဖို့ နိုင်ငံတော်သမ္မတထံ ဇူလိုင်လ ၉ရက်နေ့က စာရေးသားတောင်းဆိုခဲ့ပါတယ်။  သမ္မတ ဦးသိန်းစိန်က မျိုးစောင့်ဥပဒေတွေရေးဆွဲပြီး လွှတ်တော်ကို တင်ပြနိုင်ရေးအတွက်  အဖွဲ့ဝင် ၁၂ ဦးပါ မျိုးစောင့်ဥပဒေရေးဆွဲရေး ကော်မရှင်ကို မတ်လ ၇ ရက်နေ့က ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ပါတယ်။

ဒီမျိုးစောင့်ဥပဒေတွေထဲက ဘာသာကူးပြောင်းခြင်းဆိုင်ရာ ဥပဒေနဲ့ လူဦးရေတိုးပွားနှုန်း ထိန်းညှိခြင်းဆိုင်ရာ ဥပဒေတွေကို မျိုးစောင့်ဥပဒေ ရေးဆွဲရေးကော်မရှင်က ရေးဆွဲနေတာဖြစ်ပါတယ်။

ကော်မရှင်အနေနဲ့ ဒီဥပဒေကြမ်းတွေကို ဇွန်လ ၃၀ ရက်နေ့ နောက်ဆုံးထားပြီး သမ္မတကို တင်ပြရမှာ ဖြစ်ပါတယ်။

ဥပဒေကြမ်းရေးဆွဲရေးကော်မရှင် အတွင်းရေးမှူး ရှေ့နေချုပ်ရုံး ဒုတိယညွန်ကြားရေးမှူးချုပ် ဦးဝင်းမြင့်ကို RFA အဖွဲ့သူ ဒေါ်ခင်ခင်အိ ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။