NCA မှာ အားလုံးပါဝင်နိုင်ရေး အစိုးရနဲ့ တပ်မတော် လမ်းဖွင့်ပေးဖို့ KNU တောင်းဆို


2017.01.18
knu-mutusaypoe-tinmyowin-620.jpg ကရင်ပြည်နယ် ဘားအံမြို့ သီရိဘားအံဟိုတယ်မှာ ဇန်နဝါရီလ ၁၈ ရက်နေ့ကကျင်းပတဲ့ လူမျိုးအလိုက် အမျိုးသား အဆင့် နိုင်ငံရေးဆွေးနွေးပွဲမှာ KNU ဥက္ကဌ မူတူးစေးဖိုးနဲ့ NRPC ဒုတိယဥက္ကဌ ဒေါက်တာ တင်မျိုးဝင်း တို့ကို တွေ့ရစဉ်
Photo: Kyaw Lwin Oo/ RFA

တစ်နိုင်ငံလုံး အပစ်ခတ်ရပ်စဲရေး သဘောတူစာချုပ် NCA မှာ လက်မှတ်မထိုးရသေးတဲ့ တိုင်းရင်းသား လက်နက် ကိုင်တွေ အမြန်ဆုံးပါဝင်လက်မှတ်ထိုးနိုင်အောင် အစိုးရနဲ့ တပ်မတော်က ပိုမိုလမ်းဖွင့်ပေးဖို့နဲ့ တိုက်ပွဲဖြစ်ပွားနေ တာတွေကို နှစ်ဖက်ခေါင်းဆောင်တွေ တွေ့ဆုံဆွေးနွေး အဖြေရှာဖို့ ကရင်အမျိုးသားအစည်းအရုံး KNU ဥက္ကဌ မူတူးစေးဖိုး က တောင်းဆိုလိုက်ပါတယ်။

ဒီနေ့ ကရင်ပြည်နယ် ဘားအံမြို့ သီရိဘားအံဟိုတယ်မှာ ကျင်းပတဲ့ လူမျိုးအလိုက် အမျိုးသားအဆင့် နိုင် ငံရေးဆွေးနွေးပွဲမှာ အဖွင့်မိန့်ခွန်းပြောကြားရာမှာ KNU ဥက္ကဌ မူတူးစေးဖိုးက ပြောခဲ့တာဖြစ်ပါတယ်။

အစိုးရနဲ့ အပစ်ခတ်ရပ်စဲရေးစာချုပ် NCA မှာလက်မှတ်ရေးထိုးထားတဲ့အဖွဲ့တွေက စီစဉ်တဲ့ လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကို ကရင်ပြည်နယ်က စတင်ကျင်းပတာ ဖြစ်ပါတယ်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ တပ်မတော်အကြား သံသယစိတ်တွေမထားဘဲ ယုံကြည်မှုနဲ့ ငြိမ်းချမ်းရေးကို တည်ဆောက်ကြဖို့ ဆွေးနွေးပွဲကို တက်ရောက်လာတဲ့ အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မျိုးဝင်း က တိုက်တွန်းခဲ့ပါတယ်။

ဆွေးနွေးပွဲကို ကရင်ပြည်နယ်အစိုးရအဖွဲ့၊ ကရင်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ၊ ကရင်နိုင်ငံရေး ပါတီတွေ၊ မွန် တနင်္သာရီ ရန်ကုန် ပဲခူး ဧရာဝတီ စတဲ့ တိုင်းနဲ့ ပြည်နယ်တွေက ကရင်တိုင်းရင်းသား ကိုယ်စားလှယ်တွေ၊ အရပ်ဖက် အဖွဲ့တွေ၊ ပြည်ထောင်စု ငြိမ်းချမ်းရေးကော်မရှင်အဖွဲ့ဝင်တွေ စုစုပေါင်း ကိုယ်စားလှယ် ၇၀၀ လောက် တက်ရောက်ဆွေးနွေးနေတာဖြစ်ပါတယ်။

NCA စာချုပ်အရ လူမျိုးအလိုက်၊ ဒေသအလိုက်နဲ့ အကြောင်းအရာအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေး ပွဲတွေကို ကျင်းပရမှာဖြစ်ပြီး ပထမဆုံးအကြိမ်အဖြစ် လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကို ဘားအံမြို့မှာ ၃ ရက်ကြာ ကျင်းပတာဖြစ်ပါတယ်။

ဆွေးနွေးပွဲကနေ ကရင်လူမျိုးစုအဆိုပြုချက်တစ်ရပ် ထွက်ရှိလာမှာဖြစ်ပြီး အဲဒီအဆိုပြုချက်ကို လာမယ့် ဖော်ဖော် ဝါရီလမှာကျင်းပမယ့် ဒုတိယအကြိမ် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံမှာ တင်သွင်းမှာဖြစ်တယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။