အမျိုးသားစာပေဆု လွတ်လပ်စွာရွေးချယ် ချီးမြှင့်နိုင်ပြီ


2014.12.09
books-shop-305 ရန်ကုန်မြို့ရှိ စာအုပ်အရောင်းဆိုင်တစ်ခုကို တွေ့ရစဉ်
Photo: RFA

၂ဝ၁၃ ခုနှစ်အတွက် အမျိုးသားစာပေ တစ်သက်တာဆု၊ အမျိုးသားစာပေဆုနဲ့ စာပေဗိမာန် စာမူဆု ချီးမြှင့်ပွဲ အခမ်းအနားကို ဒီဇင်ဘာလ ၇ ရက် တနင်္ဂနွေနေ့က ရန်ကုန်မြို့ မြို့မကျောင်းလမ်းရှိ အမျိုးသားဇာတ်ရုံမှာ ကျင်းပခဲ့ရာမှာ ၂ဝ၁၃ ခုနှစ်အတွက် အမျိုးသားစာပေ တစ်သက်တာဆုရ ဆရာကြီး ဒေါက်တာခင်အေး (မောင်ခင်မင်-ဓနုဖြူ)၊ ဆရာကြီး စည်သူ ဦးတင်လှိုင် (လယ်တွင်းသားစောချစ်)နဲ့ ဆရာကြီး ဦးမြင့်ကြည် (တက္ကသိုလ် မြတ်စိုး) တို့ကို ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းက ဆုကြေးငွေ ၂၅ သိန်းစီ ပေးအပ် ချီးမြှင့်ခဲ့ပါတယ်။

၂ဝ၁၃ ခုနှစ်အတွက် အမျိုးသားစာပေဆု ၁၃ ဆုနဲ့ စာပေဗိမာန်စာမူဆု ၁၁ ဆုရွေးချယ်ခဲ့ရာမှာ  အမျိုးသားစာပေဆု ဝတ္ထုရှည်ဆုအတွက် “သီလဝံသ ဓား” ကို ရေးသားသူ ဆရာနိုင်ဇော်၊ အမျိုးသားစာပေဆု ဝတ္ထုတို ပေါင်းချုပ်ဆုအတွက် “နှလုံးသားပေါ် သွေးတဲ့ဓားနှင့် မဂ္ဂဇင်းဝတ္ထုတိုများ” ကို ရေးသားသူ ဆရာမ ဝေ (စီးပွားရေးတက္ကသိုလ်) နဲ့ အမျိုးသားစာပေဆု ကဗျာပေါင်းချုပ်ဆုအတွက် “ပွဲဝင်စေတနာ မေတ္တာမော်ကွန်းနှင့် အခြားကဗျာများ” ကို ရေးသားသူ ဆရာ မောင်လွမ်းနိုင် (စံပယ်ငုံ) တို့ ရရှိခဲ့ပါတယ်။ အမျိုးသားစာပေဆုအတွက် ဆုကြေးငွေကတော့ တစ်ဆုကို ၁၅ သိန်းဖြစ်ပါတယ်။

အရင်က အစိုးရဝန်ကြီးဌာနက ချုပ်ကိုင်ရွေးချယ်ခဲ့တဲ့ အမျိုးသားစာပေဆုကို သက်ဆိုင်ရာစာပေပညာရှင်တွေက အခု လွတ်လပ်စွာ ရွေးချယ်ချီးမြှင့်နိုင်ပြီဖြစ်တဲ့အချက်ဟာ မြန်မာစာပေလောကအတွက် အောင်မြင်တိုးတက်မှု မှတ်တိုင်တစ်ခုဖြစ်ပေမဲ့ စာပေဗိမာန်စာမူဆုကို စိစစ်ရွေးချယ်ပုံကတော့ အဆင့်အတန်းမြင့်မားတဲ့ စာပေတွေပေါ်ထွက်လာရေးနဲ့ အလှမ်းဝေးနေသေးတယ်လို့ ဆုရွေးချယ်ရေးအဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ရွှေအမြုတေမဂ္ဂဇင်း အယ်ဒီတာချုပ် ဦးဝင်းငြိမ်းကပြောပါတယ်။

"စာမူဆုက သူတို့ရဲ့ကမ်ပိန်းကိုက မကျယ်ပြန့်ဘူးလို့ ကျနော်ထင်တယ်၊ အခုဟာက မသိကြဘူးပေါ့၊ မသိတဲ့အတွက် ရနေကြလူတွေကပဲ ဝင်ပြိုင်တယ်၊ မနှစ်က ဒုတိယရတဲ့လူက ဒီနှစ်ပထမရမယ်၊ မနှစ်က တတိယရတဲ့လူက ပထမရတယ် စသဖြင့် သူတို့ပဲသံသရာလည်နေတယ်၊ ဖြစ်နိုင်မယ်ဆိုရင် ဖတ်ရတဲ့စာမူတွေကို ပထမနဲ့ ဒုတိယတို့ မပေးချင်ဘူးဗျ၊ အဖွဲ့ဝင်တချို့က ဖွံ့ဖြိုးရေးအတွက်လုပ်တာပဲ အဲ့လောက်ကြီး တင်းတင်းကြပ်ကြပ် မစဉ်းစားပါနဲ့လို့ ကျနော်တို့ ပြောတယ်ပေါ့နော်၊ အမှန်ကတော့ တကယ်အရည်အသွေးရှိတဲ့ စာအုပ်ကိုသာ စာပေဗိမာန်နဲ့ စာအုပ်တွေကို ထုတ်ပေးစေချင်တယ်၊ တကယ်အရည်အသွေးရှိတဲ့ စာမူကိုသာ ကျနော်တို့က ဆုပေးချင်တယ်"

တဆက်တည်းမှာပဲ အရင်နှစ်တွေကထက် ဆုချီးမြှင့်ငွေပမာဏ တိုးတက်များပြားလာတဲ့အတွက်တော့ ဝမ်းသာရကြောင်းလည်း ဦးဝင်းငြိမ်းကပြောပါတယ်။

အယ်ဒီတာချုပ် ဦးဝင်းငြိမ်းနဲ့ ဆက်သွယ်မေးမြန်းချက်ကို နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။