ကာလုံအစည်းအဝေးခေါ်ပြီး အရေးပေါ်သက်တမ်း ခြောက်ကြိမ်မြောက်တိုး

အရေးပေါ်ကာလသက်တမ်းကို နောက်ခြောက်လ ထပ်တိုးလိုက်တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ပါတယ်။

အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အစည်းအဝေးကို ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၃၁ ရက်နေ့ နေပြည်တော်တွင် ကျင်းပစဉ်။ Myanmar Military

အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ အစည်းအဝေးကို နေပြည်တော်မှာ ဇူလိုင်လ ၃၁ ရက်နေ့ မနက်ပြုလုပ်ပြီး အရေးပေါ်ကာလသက်တမ်းကို နောက်ခြောက်လ ထပ်တိုးလိုက်တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ပါတယ်။

အစည်းအဝေးကို ကျန်းမာရေးကြောင့် ဆေးခွင့်ယူထားတဲ့ ယာယီသမ္မတ ဦးမြင့်ဆွေ အစား တာဝန်လွှဲပြောင်းယူထားတဲ့ စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဦးဆောင်ခဲ့ပြီး ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးတီခွန်မြတ်၊ ဒုတိယ ဗိုလ်ချူပ်မှူးကြီး စိုးဝင်းနဲ့ စစ်ကောင်စီအဖွဲ့ဝင်တွေ တက်ရောက်ခဲ့ပါတယ်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နယ်မြေဒေသ တည်ငြိမ်အေးချမ်းရေး ဆောင်ရွက်ဖို့ လိုအပ်နေတဲ့ အခြေအနေတွေနဲ့ ရွေးကောက်ပွဲ ကျင်းပနိုင်ရေး ဆက်လက်အကောင်အထည်ဖော်ဖို့အတွက် အရေးပေါ် ကာလကို နောက်ထပ် ခြောက်လသက်တမ်းတိုးဖို့ တင်ပြခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီအတွက် လုံခြုံရေးကောင်စီအဖွဲ့ဝင် အားလုံးက အရေးပေါ်ကာလ သက်တမ်းထပ်တိုးဖို့ တညီတညွတ်တည်း ဆုံးဖြတ်ခဲ့တယ်လို့လည်း ဖော်ပြပါတယ်။

အာဏာသိမ်းပြီးနောက် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဆန့်ကျင်ပြီး စစ်ကောင်စီက အရေးပေါ်ကာလ ခြောက်လသက်တမ်းကို အကြိမ်ကြိမ်တိုးလာခဲ့တာ အခုတစ်ကြိမ်နဲ့ဆို ခြောက်ကြိမ်အထိရှိခဲ့ပြီ ဖြစ်ပါတယ်။

နိုင်ငံတစ်ဝန်း နယ်မြေဆုံးရှုံးမှုတွေနဲ့ ရင်ဆိုင်နေတဲ့ စစ်ကောင်စီဟာ ကြားဖြတ်အစိုးရဖွဲ့စည်းမယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်ခဲ့ပေမဲ့ အခုတော့ အရင်အတိုင်းဆက်ပြီး ရှိမဲ့အခြေအနေလည်း ဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org