ဖမ်းဆီးထားသူတွေကို နှိပ်စက်ညှဉ်းပန်း စစ်ဆေးနေတယ်လို့ ဦးနေသန်မောင်ပြော

2021.06.27
ဖမ်းဆီးထားသူတွေကို နှိပ်စက်ညှဉ်းပန်း စစ်ဆေးနေတယ်လို့ ဦးနေသန်မောင်ပြော လွတ်မြောက်လာတဲ့ အမေရိကန်နိုင်ငံသား သတင်းသမား ဦးနေသန်မောင် ကို တွေ့ရစဉ်
Photo: REUTERS

အတိုက်အခံ အကြီးတန်းအဖွဲ့ဝင်တွေနဲ့ နိုင်ငံရေးလှုပ်ရှားသူတွေ ရှိနေတဲ့နေရာကို သိရအောင် ဖမ်းဆီးထားတဲ့လူတွေကို စစ်ကောင်စီက နည်းမျိုးစုံနဲ့ နှိပ်စက်ညှဉ်းပန်း စစ်ဆေးနေတယ်လို့ မကြာခင်က လွတ်မြောက်လာတဲ့ အမေရိကန်နိုင်ငံသား သတင်းသမား ဦးနေသန်မောင်က CNN သတင်းဌာနကို ပြောပါတယ်။

အသက် ၄၄ နှစ်ရှိပြီဖြစ်တဲ့ ဦးနေသန်မောင်ကို အမေရိကန်ကို ပြန်မပို့ခင် စစ်ကောင်စီက သုံးလကျော် ဖမ်းဆီးခဲ့ပါတယ်။

ရန်ကုန်မှာရှိတဲ့ စစ်ကြောရေးစခန်းမှာ သီတင်း နှစ်ပတ်နေခဲ့ရပြီး၊ ဖမ်းဆီးခံရပြီး ပထမ သုံး၊ လေးရက်က အဆိုးဆုံးပဲလို့ ဦးနေသန်မောင်က Reuters သတင်းဌာနကို သောကြာနေ့က ပြောပါတယ်။

လက်သီးနဲ့လည်းထိုး၊ ရိုက်ပုတ်လည်းခံရတယ်လို့ သူကပြောပါတယ်။ "ဘာပဲပြောပြော ရိုက်ပဲရိုက်တယ်။ လက်နှစ်ဘက်စလုံးနဲ့ နားစည်ကို ရိုက်၊ ပါးရိုးကို ရိုက်၊ ပခုံးကို လက်သီးနဲ့ ထိုးတယ်"လို့ ပြောပါတယ်။

မတ်တပ်ရပ်ခွင့်လည်းမရဘဲ ခြေထောက်တွေ ရောင်လာတဲ့အကြောင်းနဲ့ လှုပ်လို့မရတော့တဲ့အကြောင်းလည်း ပြောပါတယ်။

ဖမ်းဆီးခံရချိန်မှာ နေရ၊ စားရတာ ငရဲတမျှဖြစ်ပြီး စစ်သားတွေက သူ့ကိုသတ်တော့မယ်လို့ ယူဆရတဲ့အတွက် အဲဒီမှာပဲ သေဖို့ ပြင်ဆင်ထားခဲ့တယ်လို့လည်း ဝါရှင်တန်ဒီစီမှာ CNN Business ကို ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က ပြောကြားပါတယ်။

သူတို့ရုံးခန်းကို စစ်သားနဲ့ အရပ်ဝတ်တွေက ဝင်စီးနင်းပြီး ဦးနေသန်မောင်နဲ့ အတူ ကမာရွတ်မီဒီယာ ပူးတွဲ တည်ထောင်သူ ဦးဟံသာညိန်းတို့ကို မတ် ၉ ရက်က ဖမ်းဆီးသွားတာပါ။

သူ့ကို ဖမ်းပြီးတာနဲ့ စစ်ကြောရေးစခန်း ခေါ်ဆောင်သွားတယ်လို့ ဦးနေသန်မောင်က ပြောပါတယ်။

သူတို့နှစ်ယောက်စလုံး ရိုက်နှက်ခံရပြီး ရေ နှစ်ရက် မပေးဘဲ ထမင်း သုံးရက် မစားရဘူးလို့လည်း ပြောပြပါတယ်။

စစ်ကြောရေးစခန်းမှာ သီတင်းနှစ်ပတ်နီးပါး နေခဲ့ရတဲ့ တစ်လျှောက်လုံး လက်ထိပ်လည်းခတ်၊ မျက်လုံးကို လည်း စည်းထားတယ်လို့ ဦးနေသန်မောင်က ပြောပါတယ်။

သူလွတ်မြောက်လာပေမယ့် ဦးဟံသာညိန်း လွတ်မြောက်မလာသေးဘဲ ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၅၀၅ (က) နဲ့ တရားစွဲခံထားရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။