နာဂစ်လေမုန်တိုင်း ၆ နှစ်ပြည့် ဘာသာပေါင်းစုံ ဆုတောင်းပွဲ ကျင်းပ


2014.05.02
nargis-305 ၂၀၀၈ ခုနှစ် မေလ ၂ ရက်နေ့က တိုက်ခတ်ခဲ့တဲ့ နာဂစ်လေ မုန်တိုင်းဒဏ်ကြောင့် ပျက်စီးနေတဲ့ ဒေးဒရဲမြို့နယ်က ဆေးခန်း တစ်ခုကို တွေ့ရစဉ်
Photo: RFA

လွန်ခဲ့တဲ့၂၀၀၈ ခုနှစ် မေလ ၂ ရက်နေ့နဲ့ ၃ ရက်နေ့မှာ တိုက်ခတ်ခဲ့တဲ့ နာဂစ်မုန်တိုင်းထဲမှာ အသက်သေဆုံး ခဲ့ကြသူအားလုံးအတွက် ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာမြို့နယ်က မြန်မာနိုင်ငံ လူငယ်များအစည်း အရုံးက လူငယ်တွေဦးဆောင်ပြီး နာဂစ် ၆ နှစ်ပြည့် ဘာသာပေါင်းစုံ မေတ္တာပို့ဆုတောင်းပွဲကို ဒီနေ့ လပွတ္တာမြို့မှာ ကျင်းပခဲ့ပါတယ်။

နာဂစ်မုန်တိုင်းကြောင့် သေဆုံးသွားသူတွေဟာ ဘာသာပေါင်းစုံ လူမျိုးပေါင်းစုံကဖြစ်တဲ့အတွက် သေဆုံး သူအားလုံး ကုသိုလ်ကောင်းမှုရစေဖို့ ရည်ရွယ်တာဖြစ် တယ်လို့ ဒီနေ့ ဆုတောင်းပွဲကို ဦးဆောင်ကျင်းပတဲ့ လပွတ္တာမြို့နယ် မြန်မာနိုင်ငံ လူငယ်များ အစည်းအရုံး ဥက္ကဌ ကိုသွန်းထက်နိုင်က ပြောပါတယ်။

"ကျနော်တို့ ရည်ရွယ်ချက်လေး သုံးခုပေါ့နော်၊ ပထမရည်ရွယ်ချက်ကတော့ နာဂစ်ပွဲအတွက်ပေါ့နော် နာဂစ်မှာသေသွားကြတာကတော့ ဘာသာပေါင်းစုံက လူမျုးိပေါင်းစုံ သေသွားကြတယ်လေ၊ အဲတော့ ကျနော်တို့က ကျနော်တို့ပွဲလေးမှာ အားလုံးကုသိုလ်ကောင်းမှု ရစေချင်တဲ့သဘောနဲ့ စုပေါင်းပြီးတော့လုပ်တာခင်ဗျ၊ နောက်တစ်ချက်က တစ်ဘာသာနဲ့ တစ်ဘာသာ နွေးနွေးထွေးထွေးဖြစ်သွားမှ အမြင်တွေကြည်လင်သွားမယ်ပေါ့နော်၊ နောက်တစ်ချက်က ကျနော်တို့လူငယ်တွေက ဘာသာရေး ပဋိပက္ခတွေကို မလိုလားဘူးဆိုတဲ့ဟာတွေကိုလည်း လူတွေအားလုံး သိအောင်လို့ပေါ့ ကျနော်တို့လူငယ်တွေ ထုတ်ပြန်တာပါ"

ဒီနေ့ ဆုတောင်းပွဲမှာ ဗုဒ္ဓဘာသာ၊ ခရစ်ယာန်၊ ဟိန္ဒူ၊ အစ္စလာမ် ဘာသာဝင်တွေ ပါဝင်ကြတဲ့အပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖံ့ွဖြိုးရေးပါတီနဲ့ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီဝင်တွေ အရပ်ဘက်လူမှုအဖွဲ့အစည်း ကိုယ်စားလှယ်တွေ စုစုပေါင်း ၁၀၀ ကျော်ပါဝင်ခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီဘာသာပေါင်းစုံ မေတ္တာပို့ဆုတောင်းပွဲကို မြန်မာနိုင်ငံ လူငယ်များ အစည်းအရုံးက ပထမဦးဆုံးအကြိမ် ကျင်းပတာဖြစ်ပါတယ်။

နာဂစ်မုန်တိုင်းကြောင့် ဧရာဝတီတိုင်းဒေသကြီးက မြို့နယ်ပေါင်း ၃၇ မြို့နယ် ပျက်စီးခဲ့ပြီး လူဦးရေ တစ်သိန်းလေးသောင်းကျော် သေဆုံး ပျောက်ဆုံးခဲ့ပါတယ်။

နာဂစ်လေမုန်တိုင်းဒဏ် အဓိကခံခဲ့ရတဲ့ ဧရာဝတီတိုင်းက လယ်ယာစိုက်ပျိုးရေးလုပ်ငန်း ပြန်လည်ထူထောင်မှု အခြေအနေတွေနဲ့ ပတ်သက်လို့ ဘိုကလေးမြို့နယ်က လယ်သမားကြီးတစ်ဦးဖြစ်သူ ဦးကျော်ငွေကို RFA အဖွဲ့သား ကိုကျော်ကျော်အောင်က ဆက်သွယ်တင်ပြမှာပါ။

၂၀၀၈ ခုနှစ် လေ ၂ ရက် နဲ့ ၃ ရက်နေ့က ဧရာဝတီတိုင်းဒေသကြီးမှာ တိုက်ခတ်ခဲ့တဲ့ နာဂစ်မုန်တိုင်းကြောင့် မုန်တိုင်းဒဏ်ထိခဲ့တဲ့ ကျေးရွာတိုင်းလိုလိုက ရေလုပ်ငန်းတွေ ပျက်စီးခဲ့ရပါတယ်။ ၆ နှစ်ကြာခဲ့ပြီဖြစ်ပေမဲ့ ကျေးရွာ အတော်များများမှာ တံငါလုပ်ငန်း နလံမထူသေးသလို နေ့စဉ်ရေလုပ်ငန်းနဲ့ အသက်မွေးသူတွေ တဖြည်းဖြည်း နည်းလာနေပါတယ်။

RFA သတင်းထောက် ကိုကျော်ထွန်းနိုင် ဒေးဒရဲမြို့နယ်ကို သွားရောက်ပြီး စုစည်းတင်ပြထားတာကိုလည်း နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။