နမ့်ဆန်မှာ မိုင်းပေါက်ကွဲပြီး တစ်ဦး သေဆုံး
2017.10.20

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ဆန်မြို့နယ်၊ မန်လွယ်ကျေးရွာအုပ်စုမှာ ဒီနေ့မနက်က မိုင်းပေါက်ကွဲခဲ့တဲ့အတွက် အမျိုးသမီးတစ်ဦး သေဆုံးသွားတယ်လို့ မန်လွယ်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦသိန်းထိုက်ဇော် ကပြောပါတယ်။
မန်လွယ်ကျေးရွာအုပ်စု အထက်မန်လွယ်ကျေးရွာ ရန်ကင်းတောင်ဘုရားအနီး လက်ဖက်ခြံနှင့် ရွာသွားလမ်းမပေါ် မှာ ဒီနေ့ မနက်က မိုင်းပေါက်ကွဲခဲ့ပြီး အသက် ၂၀အရွယ် မအီနာင်ဆိုသူ သေဆုံးသွားတာ ဖြစ်တယ်လို့ ဦးသိန်းထိုက်ဇော် ကပြောပါတယ်။
"မနက်ပိုင်း ၉နာရီ အချိန် လ္ဘက်ခြံကနေ ပြန်လာရင်းနဲ့ မိုင်းပေါက်ကွဲမှုဖြစ်သွားတာ၊ နာမည်ကတော့ မအီနာင်၊ ခြေထောက်တစ်ဖက်ကတော့ မကျိုးဘူးပေါ့၊ ဒဏ်ရာကတော့ နှစ်ဖက်စလုံးရတယ်။ တစ်ဖက်က ကျိုးသွားတယ်၊ တစ်ဖက်ကတော့ အတော်အသင့် ဒဏ်ရာရတယ်၊ လားရှိုးဆေးရုံသွားမယ်ဆိုပြီး လမ်းတ ဝက်ရောက်တော့ အသက်မရှိတော့ သေသွားတယ်"
ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး ဘယ်အဖွဲ့အစည်းက ထောင်ထားတဲ့ မိုင်းဆိုတာတော့ မသိရသေးဘူးလို့ ဦသိန်းထိုက်ဇော် ကပြောပါတယ်။
မနေ့ကလည်း အထက်မန်လည်ရွာမှာ မိုင်တစ်လုံး ပေါက်ကွဲခဲ့ပြီး နွားတစ်ကောင် သေဆုံးခဲ့တယ်လို့ သိရပါတယ်။
မန်လွယ် ကျေးရွာအုပ်စုဟာ တအာင်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ တည်ရှိတာ ဖြစ်ပါတယ်။
အဲဒီဒေသမှာ အစိုးရတပ်မတော်နဲ့ တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLA တို့ လှုပ်ရှားနေ တာဖြစ်ပါတယ်။
တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLA ဟာ အစိုးရနဲ့ အပစ်ရပ်စာချုပ် NCA မှာ လက်မှတ် မထိုးရသေးဘဲ တပ်မတော်နဲ့ မကြာခဏ တိုက်ပွဲဖြစ်နေတဲ့ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တစ်ခု ဖြစ်ပါတယ်။