နမ့်ခမ်းမြို့နယ် ပညာရေးမှူးကို ရာထူးကနေ နှုတ်ထွက်ပေး ဖို့ ဒေသခံတွေ တောင်းဆို

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ် က မြို့နယ်ပညာရေးမှူး ဒေါ်နီနီအောင်ဟာ ရှမ်းတိုင်းရင်းသား စာပေဘာသာစကားသင်တဲ့ ဆရာ၊ ဆရာမတွေအတွက် နိုင်ငံတော်က ထောက်ပံ့ပေးတဲ့ ထောက်ပံ့ငွေတွေကို အလွဲသုံးစား ပြုလုပ်ခဲ့တယ်ဆိုပြီး ရာထူး ကနေ နှုတ်ထွက်ပေးဖို့ ဒေသခံ ၅ဝဝ ကျော်က နမ့်ခမ်း မြို့ပေါ်မှာ ဒီနေ့ ဆန္ဒပြတောင်းဆိုကြပါတယ်။

နမ့်ခမ်းမြို့နယ် ပညာရေးမှူးကို ရာထူးကနေ နှုတ်ထွက်ပေးဖို့ ဒေသခံတွေ အောက်တိုဘာလ ၂၇ ရက်နေ့က တောင်းဆိုစဉ် Photo: Khur Nation (facebook)

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်က မြို့နယ်ပညာရေးမှူး ဒေါ်နီနီအောင်ဟာ ရှမ်းတိုင်းရင်းသား စာပေဘာသာ စကားသင်တဲ့ ဆရာ၊ ဆရာမတွေအတွက် နိုင်ငံတော်က ထောက်ပံ့ပေးတဲ့ ထောက်ပံ့ငွေတွေကို အလွဲသုံးစား ပြုလုပ် ခဲ့တယ်ဆိုပြီး ရာထူးကနေ နှုတ်ထွက်ပေးဖို့ ဒေသခံ ၅ဝဝ ကျော်က နမ့်ခမ်းမြို့ပေါ်မှာ ဒီနေ့ ဆန္ဒပြတောင်းဆိုကြ ပါတယ်။

ပြီးခဲ့တဲ့ ၂ဝ၁၅-၂ဝ၁၆ ပညာသင်နှစ်အတွက် အစိုးရက ပညာသင်ထောက်ပံ့စရိတ် ကျပ်သိန်း ၁၄ဝ ကျော် ချထားပေးခဲ့ပေမယ့် မြို့နယ်ပညာရေးမှူးက အကုန်ထုတ်မပေးတာကြောင့် အခုလိုဆန္ဒပြကြတာ ဖြစ်တယ်လို့ ဆန္ဒပြပွဲကိုဦးဆောင်တဲ့ နမ့်ခမ်းမြို့ ရှမ်းစာပေနဲ့ ယဉ်ကျေးမှုအဖွဲ့ အတွင်းရေးမှူး ဦးစိုင်းလှစိုး က ပြောပါတယ်။

"အလွဲသုံးစားမှုပြုတာပေါ့၊ ဘာကြောင့်လဲဆိုတော့ ကျနော်တို့ ရှမ်းစာပေအတွက်ပေါ့၊ ဆရာ၊ ဆရာမတွေအတွက် သူက သိန်းပေါင်း ၁၄၄ သိန်း ကျလာတဲ့အနက် ကျနော်တို့ ပြန်ပြီးတော့ စာရင်းကောက်လိုက်တဲ့အခါမှာ ၅၆ သိန်းနဲ့ တစ်သောင်းပဲ ရတယ်ပေါ့နော်၊ ကျန်တဲ့လိုငွေက မထုတ်ပေးတဲ့ ငွေက ၈၇ သိန်းနဲ့ကျပ် ၉ သောင်းကျပ် တိတိ စာရင်းပြုစုရရှိထားတယ်၊ ညှိနှိုင်းမရလို့ အဲလိုဖြစ်သွားတာခင်ဗျ"

အခြေခံပညာမူလတန်းအဆင့်တွေမှာ သက်ဆိုင်ရာ တိုင်းရင်းသားဘာသာစကားတွေကို သင်ကြားပေးဖို့နဲ့ သင်ကြားပေးတဲ့ ဆရာ၊ ဆရာမတွေကို ထောက်ပံ့ငွေပေးတဲ့ အစီအစဉ်ကို ပြီးခဲ့တဲ့ ၂ဝ၁၅- ၂ဝ၁၆ ပညာသင်နှစ်မှာ အစိုးရက စတင်အကောင်အထည်ဖော်ခဲ့တာ ဖြစ်ပါတယ်။

အဲဒီအစီအစဉ်နဲ့ ပတ်သက်ပြီး ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်မှာ ရှမ်းတိုင်းရင်းသားဘာသာ စကားသင်ကြားပေးမယ့် ဆရာ၊ ဆရာမတွေရရှိဖို့ ရှမ်းစာပေနဲ့ယဉ်ကျေးမှုအဖွဲ့က ရှာဖွေပေးခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ပညာသင်နှစ်မှာ နမ့်ခမ်းမြို့နယ်အတွင်း ရှမ်းဘာသာစကား သင်ကြားပေးမယ့် ဆရာ၊ ဆရာမ အရေအတွက် ဦးရေ ၆ဝ သာရှိကြောင်း ပြည်နယ်အစိုးရထံ တင်ပြခဲ့ပေမယ့် အမှန်တကယ် သင်ကြားချိန်မှာ ဆရာ၊ ဆရာမ ဦးရေ ၁၉ဝ ကျော် ရှိခဲ့တာဖြစ်ပါတယ်။

ပြည်နယ်အစိုးရက ဆရာ၊ ဆရာမ ဦးရေ ၆ဝ အတွက် တစ်ဦးကို တစ်လထောက်ပံ့ငွေ ကျပ်သုံးသောင်းနှုန်းနဲ့ ၈ လစာ ငွေကျပ် ၁၄၄ သိန်းချထားပေးခဲ့ပါတယ်။

အဲဒီငွေပမာဏကို အမှန်တကယ်သင်ကြားတဲ့ ဆရာ၊ ဆရာမ ၁၉ဝ ကျော်ကို ခွဲဝေပေးဖို့ သဘောတူခဲ့ပေမယ့် မြို့နယ်ပညာရေးမှူးက ငွေကျပ် ၈၇ သိန်းခန့်ကို ထုတ်မပေးဘဲ စာရင်းလိမ်လည်မှုတွေ ပြုလုပ်နေတယ်လို့ ဆန္ဒပြသူတွေက ပြောပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်အတွင်းက မူလတန်းကျောင်းတွေမှာ ရှမ်း၊ ကချင်၊ လီဆူနဲ့ ပလောင် ဘာသာစကားတွေကို သင်ကြားပေးနေတာ ဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org