တိုက်ပွဲအတွင်းပိတ်မိနေသူတွေ ကယ်ထုတ်နိုင်ရေး ဆန္ဒပြခဲ့တဲ့ ခေါင်းဆောင်တစ်ဦး လွတ်မြောက်

ကချင်ပြည်နယ်က တိုက်ပွဲအတွင်း ပိတ်မိနေသူတွေကို ကယ်ထုတ်ရေး ဦးဆောင်ဆန္ဒပြ တောင်းဆိုခဲ့တာကြောင့် ထောင်ဒဏ် ၄ လချမှတ်ခံရတဲ့ ဒေါ်နန်ပူဟာ မြစ်ကြီးနား အကျဉ်းထောင်ကနေ ဒီနေ့မနက်က ပြန်လည်လွတ်မြောက် လာပါတယ်။

ဒေါ်နန်ပူဟာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလ ၇ ရက်နေ့က ထောင်ဒဏ်ချမှတ်ခံရတာဖြစ်ပြီး လျော့ရက် ၂ ရက် ခံစား ခွင့်ပေးလိုက်တာကြောင့် ဒီနေ့မနက်မှာ ပြန်လည်လွတ်မြောက်လာတာဖြစ်ကြောင်း ပိတ်မိပြည်သူတွေကို ကယ်ထုတ်နိုင်ရေး ဦးဆောင်လှုပ်ရှားရာမှာ ပါဝင်ခဲ့တဲ့ မဆိုင်းနုပန်က RFA ကို ပြောပါတယ်။

တိုက်ပွဲအတွင်း ပိတ်မိနေသူတွေကို ကယ်ထုတ်နိုင်ရေး မြစ်ကြီးနားမြို့မှာ ပြီးခဲ့တဲ့နှစ် မေလ ဆန္ဒပြတောင်းဆိုခဲ့ရာမှာ ဦးဆောင်ခဲ့တဲ့ ဒေါ်နန်ပူ၊ ဦးလွမ်းဇောင်းနဲ့ ဦးဇော်ဂျတ်တို့ ၃ ဦးကို မြစ်ကြီးနားမြို့နယ် တရားရုံးက တပ်မတော်ကို အသရေဖျက်မှု ပုဒ်မ ၅၀၀ နဲ့ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလ ၇ ရက်နေ့မှာ ထောင်ဒဏ် ၆ လနဲ့ ငွေဒဏ် ၅ သိန်းစီ အသီးသီး အမိန့်ချခဲ့တာဖြစ်ပါတယ်။

ထောင်ဒဏ်ချမှတ်ခံရသူ ၃ ဦးက မြစ်ကြီးနားခရိုင်တရားရုံးနဲ့ ကချင်ပြည်နယ် တရားလွှတ်တော်တွေကို အဆင့်ဆင့် အယူခံတင်သွင်းခဲ့ပါတယ်။

အဲဒီထဲက ဒေါ်နန်ပူကို ငယ်ရွယ်သူ အမျိုးသမီးဖြစ်ပြီး ကျန်းမာရေးမကောင်းတာကြောင့်ဆိုပြီး ကချင်ပြည်နယ် တရားလွှတ်တော်က ထောင်ဒဏ် ၄ လပြင်ဆင်အမိန့်ချမှတ်ခဲ့ပြီး ဦးလွမ်းဇောင်းနဲ့ ဦးဇော်ဂျတ်တို့ကို မူလ တရားရုံးအမိန့်အတိုင်း ကျခံဖို့ ဆုံးဖြတ်လိုက်တာကြောင့် ဒေါ်နန်ပူဟာ ဒီနေ့မှာ ပြန်လည်လွတ်မြောက်လာ တာဖြစ်ပါတယ်။

ဦးလွမ်းဇောင်းနဲ့ ဦးဇော်ဂျတ်တို့လည်း အမြန်ဆုံးပြန်လည် လွတ်မြောက်လာနိုင်အောင် နေပြည်တော် ပြည်ထောင်စု တရားလွှတ်တော်ချုပ်ကို သြင်္ကန်ကာလမတိုင်ခင် ထပ်မံအယူခံတင်သွားမယ်လို့လည်း သိရပါတယ်။

ဒီသတင်းကို RFA သတင်းထောက် ကိုကျော်ထွန်းနိုင် ပေးပို့လိုက်တာပါ။