နမ္မတူမြို့နယ်မှာ RCSS နဲ့ TNLA ပစ်ခတ်မှုတွေကြောင့် ဒေသခံတွေထွက်ပြေးနေရ


2018.09.01
nanmatu-refugees-622 နမ္မတူမြို့နယ်က စစ်ပွဲတွေကြောင့် လာရောက်ခိုလှုံနေကြတဲ့ စစ်ဘေးဒုက္ခသည်တွေကို ၂၀၁၈၊ သြဂုတ် ၁၄ ရက်နေ့က တွေ့ရစဉ်
Photo: Kan Thar/ RFA

ရှမ်းပြည်နယ်မြောက်ပိုင်း နမ္မတူ မြို့နယ်က နမ့်ဆီးလင်း၊ မန်မိုင်၊မန်ဆာကျေးရွာတွေ အနီးမှာ တအာင်းပလောင်အဖွဲ့ TNLA၊ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP ပူးပေါင်းအဖွဲ့နဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS အဖွဲ့တို့ကြား စစ်ရေးတင်းမာပြီး ပစ်ခတ်မှုတွေရှိနေတာကြောင့် စစ်ပြေးဒုက္ခသည် တစ်ထောင်ကျော် ထပ်မံ ထွက်ပြေးနေရပါတယ်။

နှစ်ဖက်တပ်ဖွဲ့တွေဟာ နီးနီးကပ်ကပ် သွားလာလှုပ်ရှားနေကြပြီး ကျေးရွာတွေ အနီးမှာ ပစ်ခတ်မှုတွေ လုပ်တာကြောင့် ကြောက်လန့်ပြီး ပြေးကြတာလို့နမ့်ဆီးလင်း ရွာသား စိုင်းအိုက်ရီက RFA ကို ပြောပါတယ်။

"တိုက်ပွဲက ပြင်းပြင်းထန်ထန်တော့ မဖြစ်ဘူး။ ဒါပေမဲ့ ရွာသားတွေက ဒီတိုင်း ကြောက်တာပါ။ လက်နက်ကိုင် တွေ ရွာဘေးနားမှာ ရှိတာတို့၊ ရွာထဲမှာ လာတာတို့ အဲလိုမျိုးပဲရှိတယ်။ အဲဒါကြောင့်မိုလို့လည်း ဒေသခံတွေက ကြောက်ပြီးမှ ထွက်ပြေးကြတယ်။ သြဂုတ် ၃၀ ရက်ကတည်းက မန်မိုင်နားမှာ တစ်ခါဖြစ်တယ်။ အဲမှာလည်း လမ်းပိတ်တယ်၊ ဒီနေ့ထိပေါ့နော်"

သြဂုတ်လ ၃၁ ရက်နေ့ မနေ့က ညပိုင်းမှာ မန်ဆာရွာဘက်မှာ RCSS အဖွဲ့တွေဘက်က သေနတ်ပစ်ဖောက်မှုတွေ ရှိခဲ့သလို မန်မိုင်ရွာဖက်မှာတော့ TNLA၊ SSPP ပူးပေါင်းအဖွဲ့တွေ ရှိနေတဲ့အတွက် ရွာသားတွေက ကြောက်လန့် နေကြတယ်လို့ ဒေသခံတွေကို ကူညီပေးနေသူတစ်ဦး က ပြောပါတယ်။

ဒီအခြေအနေတွေကြောင့် မန်မိုင်၊ ပန်ဟပ်၊ နောင်ငင်း စတဲ့ ကျေးရွာတွေက စစ်ပြေးဒုက္ခသည်တွေဟာ နမ္မတူ မြို့နယ်က မန်စံဘုန်းတော်ကြီးကျောင်း၊ မန်စံမြောက်ကျောင်း၊ မန်စံရွှေကြေးစည်ကျောင်းနဲ့ မိုင်းမုကျေးရွာအုပ်စုက မိုင်းမု ဘုန်းတော်ကြီးကျောင်းတွေမှာ ခိုလှုံနေရပြီး လူဦးရေ ကိုးရာဝန်းကျင် ရှိတယ်လို့ သိရပါတယ်။

ဒါ့အပြင် ပန်လုံ- သီပေါ လမ်းပေါ်က မန်လီကျောင်းမှာလည်း မန်ဆာ၊ပန်ဟပ်ရွာတွေက ထွက်ပြေးလာတဲ့ ဒုက္ခသည် နှစ်ရာကျော်ရှိပြီး နောက်ထပ် ထွက်ပြေးလာသူတွေ တိုးလာနိုင်တယ်လို့ ကူညီပေးနေသူတွေက ပြောပါတယ်။

အရင်ကဆိုရင် စစ်ဘေးကြောက်လို့ ထွက်ပြေးကြတဲ့ ရွာတွေမှာ ရွာစောင့်အနေနဲ့ အမျိုးသားတွေကို ချန်ထားလေ့ ရှိပေမယ့် အခုနောက်ပိုင်းမှာတော့ ရွာထဲကို ဝင်လာတဲ့ လက်နက်ကိုင်တွေက ကျန်နေတဲ့ သူတွေကို ဖမ်းဆီးတာ စစ်ဆေးရိုက်နှက်တာတွေရှိတဲ့အတွက် ရွာမှာ ဘယ်သူမှချန်ပြီး မနေရဲကြဘူးလို့ ရွာသားတွေက ပြောပါတယ်။

စစ်ပြေးဒုက္ခသည်တွေအတွက် ကူညီရေးအဖွဲ့တွေ လတ်တလောအချိန်အထိ မရောက်လာသေးသလို စားနပ်ရိက္ခာတွေ လိုအပ်နေတယ်လို့သိရပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်း နမ္မတူမြို့နယ်အတွင်း TNLA နဲ့SSPP ပူးပေါင်းအဖွဲ့တွေ နဲ့ RCSS အဖွဲ့တို့ကြား စစ်ရေး တင်းမာမှုတွေ ရှိနေသလို၊ မူဆယ်မြို့နယ် နမ့်အွမ်ရွာ၊ ကွတ်ခိုင်မြို့နယ် နမ့်ဆုံကျေးရွာတဝိုက်မှာ တပ်မတော်နဲ့ TNLA အဖွဲ့တွေကြား တိုက်ပွဲတွေ မကြာခဏ ဆိုသလို ဖြစ်ပွားနေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။