နန်းမိုဟွမ်ကို လွှတ်ပေးဖို့ AAPP တိုက်တွန်း
2018.09.27
TNLA အနေနဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးရရှိအောင် ကြိုးစားအားထုတ်နေတဲ့ အဖွဲ့အစည်းဖြစ် တာနဲ့အညီ ဖမ်းဆီးထားတဲ့ ရှမ်းတိုင်းရင်းသူ နန်းမိုဟွမ် ကို အမြန်ဆုံးပြန်လည်လွှတ်ပေးခြင်းနဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ TNLA ရဲ့ ကြိုးစားဆောင်ရွက်နေမှုတွေကို သက်သေပြနိုင်ဖို့ အလေးအနက် တိုက်တွန်းကြောင်း နိုင်ငံရေးအကျဉ်း သားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP) က ဒီနေ့ ထုတ်ပြန်လိုက်ပါတယ်။
TNLA အနေနဲ့ သူတို့ရဲ့ ဥပဒေတွေဟာ ခိုင်မာမှု ဘယ်လောက်ရှိထားသလဲ၊ လူတစ်ယောက်ကို ဖမ်းဆီးပြီး နိုင်ငံတကာ အဆင့်အတန်းတွေနဲ့အညီ ထိန်းသိမ်းထားတာမျိုးလုပ်နိုင်တဲ့ အနေအထားမျိုးတွေရှိလားလို့ AAPP အဖွဲ့ရဲ့ တွဲဖက်အတွင်းရေးမှူး ဦးဘိုကြည်က ပြောပါတယ်။
"သူတို့ရဲ့ ဥပဒေအရ အများပြည်သူရှေ့မှောက်မှာ အပြစ်ပေးအရေးယူဆောင်ရွက်မယ်လို့ သူတို့ပြောထား တာရှိတယ်၊ သူတို့ဥပဒေတွေက ခိုင်မာမှုက ဘယ်လောက်ရှိထားသလဲ၊ သူတို့ကရော လူတစ်ယောက်ကို ဖမ်းဆီးထားပြီးတော့ နိုင်ငံတကာအဆင့်အတန်းတွေနဲ့အညီ ထိန်းသိမ်းနိုင်တဲ့ အနေအထားမျိုးတွေရှိလား၊ မရှိဘူးလား၊ အများပြည်သူ ရှေ့မှောက်မှာ ဥပဒေအရဆိုပြီးတော့ ကွပ်မျက်တာမျိုးလည်း မဖြစ်စေချင်ဘူး၊ အဲလိုမျိုး လက်လွန်တာမျိုးတွေ ဖြစ်သွားမယ်ဆိုလို့ရှိရင် ပိုပြီးတော့ ရုပ်ပျက်ဆင်းပျက်ဖြစ်သွားစေမှာဖြစ်တယ်၊ လွှတ်ပေး တာက အမျိုးသားပြန်လည်သင့်မြတ်ရေး နောက်ပြီးတော့ တိုင်းရင်းသားအချင်းချင်း ညီညွတ်ရေးအတွက် ပိုပြီးတော့ အထောက်အကူဖြစ်မယ်"
နန်းမိုဟွမ်ကို TNLA ဘက်က သြဂုတ်လ ၁၇ ရက်နေ့က ဖမ်းသွားတာဖြစ်တဲ့အတွက် တစ်လကျော် ကြာမြင့်နေပြီလည်းဖြစ်ပါတယ်။
နန်းမိုဟွမ်ဟာ TNLA အကောက်ခွန်ဦးစီးဌာနက ဝန်ထမ်းတွေ လုပ်ငန်းတာဝန်ထမ်းဆောင်စဉ်မှာ ဝန်ထမ်းတွေကို အပြင်းအထန် ထိခိုက်သေဆုံးတဲ့အထိ ဝတ္တရားနှောင့်ယှက်ခဲ့တဲ့အတွက် အရေးယူပေးဖို့ TNLA ဗဟို တရားရုံးကို အမှုဖွင့်တိုင်ကြားလာတာကြောင့် TNLA အဖွဲ့ရဲ့ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၃၃ နဲ့ TNLA ဗဟိုတရားရုံးမှာ အမှုဖွင့်အရေးယူTNLA ဘက်က ဒီလ ၃ ရက်နေ့က ထုတ်ပြန်ထားပါတယ်။
AAPP ရဲ့ ထုတ်ပြန်ချက်မှာ မိမိတို့အတွေ့အကြုံအရ မျက်ကွယ်မှာ ညှဉ်းပန်းနှိပ်စက်၍သော်လည်းကောင်း၊ ခြိမ်းခြောက်၍သော်လည်းကောင်း ဝန်ခံခိုင်းတဲ့ ဖြစ်ရပ်များစွာကို ကြုံတွေ့ခဲ့ရတဲ့အတွက် အထူးစိုးရိမ်ပူပန်မိသလို အချိန်ကြာလာတာနဲ့အမျှ နန်းမိုဟွမ်ရဲ့ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးကိုလည်း အလွန်စိုးရိမ်မိကြောင်း ရေးသားထားပါတယ်။
ဒါ့အပြင် ရပ်ရွာအုပ်ချုပ်ရေးမှုး၊ ရပ်ရွာလူကြီးတွေကို အသိမပေးဘဲ နေအိမ်မှာ လက်နက်နဲ့ ခြိမ်းခြောက်ပြီး လာရောက်ဖမ်းဆီးခေါ်ဆောင်သွားတာဟာ လူ့အခွင့်အရေးရှုထောင့်ကဖြစ်ဖြစ်၊ တရားဥပဒေစိုးမိုးရေး ရှုထောင့်ကဖြစ်ဖြစ်၊ ဘယ်လိုမှ လက်မခံနိုင်တဲ့ လုပ်ရပ်ဖြစ်ကြောင်း၊ အဲလို မတရားဖမ်းဆီး ချုပ်နှောင်ထား တဲ့လုပ်ရပ်ကို လုံးဝကန့်ကွက်ကြောင်းလည်း AAPP ရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။