နမ္မတူမှာလက်နက်ကြီးကျလို့ အိမ် ၂၀ ကျော် မီးသင့်၊ ရွာသားထောင်နဲ့ချီ ထွက်ပြေးရ

ရှမ်းပြည်နယ်မြောက်ပိုင်း နမ္မတူမြို့နယ် ပန်လုံမန်ကျန်းရွာမှာ ဒီနေ့ ဧပြီလ ၅ ရက်နေ့က လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲတာကြောင့် အိမ်ခြေ နှစ်ဆယ်ကျော် မီးလောင်ပြီး အနီးအနားက ရွာသားတွေ အပါအဝင် လူဦးရေထောင်နဲ့ချီ နေရပ်စွန့်ခွာရပါတယ်။ နမ္မတူ-သီပေါလမ်းပိုင်းပေါ်က ပန်လုံမန်ကျန်းရွာမှာ ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ RCSSနဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ TNLA၊ ရှမ်းပြည် တိုးတက်ရေးပါတီ SSPP တပ်တွေ ဒီနေ့တိုက်ပွဲ ပြင်းထန်တယ်လို့ ဒေသခံက ပြောပါတယ်။

တိုက်ပွဲမဖြစ်ခင်တည်းက ကျေးရွာသားတွေ ဘေးလွတ်ရာကို တိမ်းရှောင်ခဲ့ကြရပြီး မနက်ပိုင်းမှာ တိုက်ပွဲ ခဏငြိမ်တဲ့အချိန် ရွာကို သွားကြည့်တဲ့အခါ ပန်လုံရွာနဲ့ ကပ်လျက်က တအာင်းတိုင်းရင်းသားတွေ အများဆုံး နေတဲ့ မန်ကျန်းရွာက နေအိမ် ၂၇လုံး မီးလောင်သွားပြီး တချို့အိမ်တွေ လက်နက်ထိမှန်တယ်လို့ မန်ဆာရွာသား အိုက်ဦးက ပြောပါတယ်။

မန်ဆာနဲ့ နမ့်ဆီးလင်း ရွာသားတွေကတော့ မန်စံရွာကို တိမ်းရှောင်နေကြပါတယ်။ ပန်လုံကျေးရွာ အပေါ်ဘက်မှာ RCSS တပ်ဖွဲ့တွေ ဒီမနက်မှာ ရှိနေပြီး ပန်လုံရွာတွင်းကို စစ်ကောင်စီ စစ်ကြောင်းတွေ ဝင်ရောက်လာတာ တွေ့ရတယ်လို့ ကျေးရွာသားက ပြောပါတယ်။ TNLA/SSPP ပူးပေါင်းတပ်တွေကတော့ ပန်လုံနဲ့ နှစ်မိုင်လောက်ဝေးတဲ့ နားခိုလျန်ရွာနားမှာ ရှိနေတာကြောင့် အချိန်မရွေး တိုက်ပွဲပြန်ဖြစ်နိုင်တယ်လို့ ကျေးရွာသားက ပြောပါတယ်။

လက်ရှိမှာ တိုက်ပွဲကြောင့် အိမ်ခြေ လေးရာကျော်ရှိတဲ့ ပန်လုံနဲ့ မန်ကျန်းရွာက ထောင်နဲ့ချီတဲ့ ရွာသားတွေ အပြင် အနီးနားက နမ့်ဆီးလင်း၊ မန်ဆာ၊ ပန်ဟက်ရွာတွေက ရွာသားတွေလည်း နီးစပ်ရာကို ထွက်ပြေး နေကြပါတယ်။

ဒီနေ့ နေ့လယ်ပိုင်းအထိ ရွာသားတွေ ပြေးနေကြရပြီး ဘယ်ကိုသွားကြရမယ် မသိသေးဘူးလို့ နမ့်ဆီးလင်း ရွာသားတစ်ဦးက ပြောပါတယ်။ ရွာသားတွေဟာ နမ့်ဆန်ဘက်အထွက် ရေအိုးရွာ၊ သီပေါဘက်အထွက် ပန်သပြေရွာနဲ့ နမ္မတူ-လားရှိုးလမ်းပိုင်းပေါ်က မန်စံကျေးရွာတွေကို ထွက်ပြေးနေကြရပြီး အစားအသောက်နဲ့ အဝတ်အထည်တွေ လိုအပ်နေတယ်လို့ ပန်လုံကျေးရွာသားတစ်ဦးက ပြောပါတယ်။

တိုက်ပွဲအခြေအနေနဲ့ ပတ်သက်လို့ SSPP ပြန်ကြားရေးတာဝန်ခံတွေကို ဆက်သွယ်ပေမယ့် ဖုန်းလက်ခံ ဖြေကြားတာ မရှိပါဘူး။

TNLA ပြောခွင့်ရ ဒုတိယဗိုလ်မှူးကြီး မိုင်းအိုက်ကျော်ကတော့ RCSS တပ်ဖွဲ့တွေနဲ့ မနေ့မနက်ပိုင်းမှာ တိုက်ပွဲ ဖြစ်ပွားတာရှိကြောင်း ပြောပါတယ်။ ကျေးရွာပတ်ပတ်လည်ကို RCSS က လက်နက်ကြီးတွေ ပစ်နေပြီး နေအိမ် ဆယ်လုံးကျော် မီးလောင်တဲ့အကြောင်းသာ သိရှိထားပြီး အသေးစိတ်ကို မပြောနိုင်သေးဘူးလို့ ပြောပါတယ်။

TNLAက တုံ့ပြန်မှုနဲ့ ပတ်သက်ပြီး RCSS ပြန်ကြားရေးတာဝန်ရှိသူတွေကို ဖုန်းနဲ့ အကြိမ်ကြိမ် ဆက်သွယ် ပေမယ့် ဆက်သွယ်လို့မရသေးပါဘူး။

မတ်လ ၂၂ရက်နေ့ နောက်ပိုင်း သီပေါနဲ့ နမ္မတူ လမ်းပိုင်း ကျေးရွာ တွေမှာ တိုင်းရင်းသားလက်နက်ကိုင် အချင်းချင်း တိုက်ပွဲတွေ ဖြစ်ပွားနေတာပါ။ မတ်လ ၂၈ရက်နေ့မှာ ပန်လုံမန်ကျန်းရွာက နေအိမ်ပေါ်ကို လက်နက်ကြီးကျလို့ အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

သီပေါ နမ္မတူ-နမ့်ဆန် လမ်းပိုင်းပေါ်က ပန်လုံရွာဟာ လမ်းဆုံကျေးရွာဖြစ်ပြီး စစ်ရေးအရ အချက်အချာကျတဲ့ နေရာဖြစ်တာကြောင့် တိုင်းရင်းသားလက်နက်ကိုင် အချင်းချင်း မကြာခဏဆိုသလို နယ်မြေစိုးမိုးရေး တိုက်ပွဲတွေ ဖြစ်လေ့ရှိပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၆ ဒီဇင်ဘာလအတွင်းမှာလည်း အခုလိုပဲ တိုင်းရင်းသား လက်နက်ကိုင် အချင်းချင်း တိုက်ပွဲကြောင့် ပန်လုံမန်ကျန်း စတဲ့ရွာတွေမှာ ရွာသားတွေ သေဆုံးထိခိုက် ဒဏ်ရာ ရတာရှိခဲ့သလို တိရိစ္ဆာန်နဲ့ နေအိမ်တွေ မီးလောင်ပျက်စီးခဲ့တာတွေ ရှိပါတယ်။ ၂၀၁၈ဧပြီလနဲ့ ၂၀၁၉ မတ်လတွေမှာလဲ ပန်လုံ-မန်လီ မန်ကျန်းစတဲ့ ရွာတွေမှာ RCSSနဲ့ TNLA/SSPP ပူးပေါင်းအဖွဲ့တွေ တိုက်ပွဲကြောင့် ရွာသားတွေ ထိခိုက်သေဆုံးခဲ့ရတာတွေ ရှိခဲ့ပါတယ်။