ရှမ်းမြောက်မှာ လက်နက်ကြီးထိလို့ အမျိုးသမီးတစ်ဦး သေဆုံး

ရှမ်းမြောက်၊ နမ္မတူမြို့နယ်၊ မန်ဝါရွာထဲကို ဒီနေ့မနက်မှာ လက်နက်ကြီး ကျပေါက်ကွဲလို့ အမျိုးသမီးတစ်ဦး သေဆုံးပြီး၊ နှစ်ဦး ဒဏ်ရာရရှိသွားပါတယ်။

နမ္မတူမြို့နယ်၊ မန်ဝါရွာထဲကို လက်နက်ကြီး ကျပေါက်ကွဲလို့ ဒဏ်ရာရရှိသူတွေကို ၂ဝ၁၉၊ နိုဝင်ဘာ ၂၉ ရက်နေ့က လားရှိုးဆေးရုံ ပို့ဆောင်စဉ် ဓာတ်ပုံ - ကိုဂျား (နမ္မတူ)

ရှမ်းမြောက်၊ နမ္မတူမြို့နယ်၊ မန်ဝါရွာထဲကို ဒီနေ့မနက်မှာ လက်နက်ကြီး ကျပေါက်ကွဲလို့ အမျိုးသမီးတစ်ဦး သေဆုံးပြီး၊ နှစ်ဦး ဒဏ်ရာရရှိသွားပါတယ်။

အဲ့ဒီကျေးရွာအနီး မနေ့က မနက်ပိုင်းမှာ တပ်မတော်နဲ့ အပစ်ရပ်လက်မှတ် (NCA) ထိုးထားတဲ့ ရှမ်းပြည်ပြန်လည် ထူထောင်ရေးတပ်ဖွဲ့ (RCSS) တပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ ကျေးရွာသားတွေဟာ ကြောက်လန့်ပြီးတော့ နမ္မတူမြို့ပေါ်ကို ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။ ထွက်ပြေးသွားတဲ့ ရွာသားအရေအတွက်တော့ အတိအကျ မသိရှိရသေးပါဘူး။

ဒီနေ့မနက်မှာလည်း အဲဒီကျေးရွာတဝိုက် ပစ်ခတ်သံတွေကိုကြားနေရပြီး နမ္မတူတပ်စခန်းကုန်းကနေ လက်နက်ကြီးပစ်ခတ်သံတွေကို ကြားနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

RCSS ပြောခွင့်ရ ဒုတိယဗိုလ်မှူးကြီး စိုင်းဦးကတော့ မနေ့က နမ္မတူဘက်မှာ သူတို့အဖွဲ့နဲ့ တပ်မတော်ကြား နားလည်မှုလွဲပြီး တိုက်ပွဲဖြစ်တာရှိခဲ့ပေမယ့် ဒီနေ့တော့ တိုက်ပွဲဖြစ်တာမရှိဘူးလို့ ပြောပါတယ်။

မန်ဝါကျေးရွာဟာ တပ်မတော်၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးတပ်ဖွဲ့ (RCSS) အပြင် တအာင်းလက်နက်ကိုင် တပ်ဖွဲ့ (TNLA) လှုပ်ရှားတဲ့နေရာလည်းဖြစ်ပါတယ်။ TNLA ပြောခွင့်ရ ဗိုလ်မှူး မိုင်းအိုက်ကျော်ကတော့ နမ့်ဆန်မြို့နယ် ကြက်သေရွာဘက်မှာ မနေ့က တိုက်ပွဲဖြစ်တာရှိပေမယ့် နမ္မတူဘက်မှာတော့ တိုက်ပွဲမရှိဘူးလို့ ပြောပါတယ်။

ဒေသခံတွေကတော့ တပ်မတော်က မန်ဝါကျေးရွာအနီးလှုပ်ရှားနေတဲ့ TNLA တပ်ဖွဲ့တွေကို သွားရောက်ရှင်းလင်း ဖို့သွားတဲ့ တပ်မတော်စစ်ကြောင်းနဲ့ RCSSတို့ တိုက်ပွဲဖြစ်တာဖြစ်ပြီးနမ္မတူတပ်စခန်းကနေ ဒီမနက်မှာ တပ်မတော်ကပစ်တဲ့လက်နက်ကြီး ကျေးရွာထဲကျလို့ ပြောင်းဖူးခြွေနေတဲ့ အမျိုးသမီးတွေ လက်နက်စထိမှန်ခဲ့ပြီး တစ်ဦးသေဆုံးသလို နှစ်ဦးဒဏ်ရာရခဲ့တာလို့ ပြောပါတယ်။

ဒဏ်ရာရသူ နှစ်ဦးထဲက တစ်ဦးဟာ ဒဏ်ရာပြင်းထန်လို့ နမ္မတူဆေးရုံကနေ လားရှိုးဆေးရုံကို ပို့ဆောင်ဖို့ လုပ်ဆောင်နေကြတယ်လို့ ကူညီပေးနေသူတွေက ပြောပါတယ်။ တိုက်ပွဲအခြေအနေနဲ့ ပတ်သက်ပြီး တပ်မတော် သတင်းမှန်ပြန်ကြားအဖွဲ့ကို RFA က ဆက်သွယ်ပေမယ့် လက်ခံဖြေကြားခြင်း မရှိသေးပါဘူး။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org