နမ့်ဆန်မြို့နယ်မှာ လက်နက်ကြီးကျည် ဆော့ကစားရာက ကလေးငယ် သုံးဦး သေဆုံး
နမ့်ဆန်မြို့နယ် ဇယန်းကြီးရွာမှာ လက်နက်ကြီးကျည် ဆော့ကစားရာက ပေါက်ကွဲမှုဖြစ်လို့ ကလေးငယ် သုံးဦး သေဆုံးသွားပါတယ်။
-
RFA Burmese
2024-02-02 -
-
-
ရှမ်းပြည်နယ်မြောက်ပိုင်း ၊နမ့်ဆန်မြို့နယ် ဇယန်းကြီးရွာမှာ ဖေဖော်ဝါရီလ ၂ ရက်နေ့ ဒီမနက်ပိုင်းက လက်နက်ကြီးကျည် ဆော့ကစားရာက ပေါက်ကွဲမှုဖြစ်လို့ ကလေးငယ် သုံးဦး သေဆုံးသွားတယ်လို့ နမ့်ဆန် ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
RPG လက်နက်ကြီးကျည်လို့ ယူဆရတဲ့ အရာကို ကလေးငယ် ငါးယောက်က စုဖွဲ့ဆော့ကစားရာကနေ အခုလို ပေါက်ကွဲခဲ့တာလို့ ဒေသခံက ပြောပါတယ်။
“RPG အနောက်မှာ ဒလက်ကလေးပါတယ်။ သူတို့က အဲတာကို ယူဆော့ချင်တာနဲ့ ဝိုင်းထုကြတာ။ ပထမ သုံးယောက်က ဆော့နေတုန်း နောက်နှစ်ယောက် နောက်တစ်ခု ရှာမယ်ဆိုပြီး အောက်ဆင်းသွားတော့ နှစ်ယောက် ကတော့ လွတ်သွားတယ်။ သုံးယောက်ကတော့ သေသွားတယ်။ ခေါင်းတွေမှာပဲ ထိသွားတာများတယ်”
သေဆုံးသွားတဲ့ ကလေးငယ်တွေဟာ အသက် ကိုးနှစ်အရွယ် မိုင်းအစော၊ အသက် ခြောက်နှစ်အရွယ် အခြိုဝ်းနဲ့ အသက်ရှစ်နှစ်အရွယ် မိုင်းလမင်းအောင်တို့ဖြစ်တယ်လို့ ဒေသအခြေစိုက် တအာင်းအမျိုးသမီးအဖွဲ့ ဖေ့စ်ဘွတ်ခ် စာမျက်နှာမှာ ဖော်ပြထားပါတယ်။
လက်နက်ကြီး ကျည်ဆော့ကစားလို့ ပေါက်ကွဲမှုဖြစ်ပြီး သေဆုံးခဲ့တဲ့နေရာဟာ စစ်ကောင်စီတပ်နဲ့ TNLA တပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ခဲ့တဲ့ နေရာအနီးမှာဖြစ်ပြီး ဘယ်အဖွဲ့က ကျန်ခဲ့တဲ့ လက်နက်ကြီးကျည် ဆိုတာကိုတော့ တိတိကျကျ မသိရဘူးလို့ ဒေသခံက ပြောပါတယ်။
၁၀၂၇ စစ်ဆင်ရေး ကာလအတွင်းမှာ နမ့်ဆန်မြို့မှာ စစ်ကောင်စီနဲ့ TNLA တပ်ဖွဲ့ ကြားတိုက်ပွဲ ပြင်းထန်ခဲ့ပြီး ၂၀၂၃ ဒီဇင်ဘာလ ၁၈ ရက်နေ့ကစလို့ နမ့်ဆန်မြို့ကို TNLA ဘက်က သိမ်းပိုက်ထားတာဖြစ်ပါတယ်။
ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး TNLA ပြောခွင့်ရ ဒုတိယဗိုလ်မှူးကြီး မိုင်းအိုက်ကျော်ကို RFA က ဆက်သွယ်မေးမြန်ခဲ့ပေမယ့် ဖုန်းလက်ခံဖြေဆိုတာ မရှိပါဘူး။
ရှမ်းပြည်နယ်မြောက်ပိုင်းဒေသမှာ စစ်ကောင်စီတပ်နဲ့ မြောက်ပိုင်း ညီနောင်သုံးဖွဲ့အကြား တိုက်ပွဲတွေ ရပ်တန့်နေပေမယ့် တိုက်ပွဲပြင်းထန်ခဲ့တဲ့ မြို့တွေက ဒေသခံတွေအနေနဲ့ မြေမြှုပ်မိုင်းနဲ့ မပေါက်ကွဲသေးတဲ့ စစ်လက်နက် အကြွင်းအကျန်အန္တရာယ်တွေကို ရင်ဆိုင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။