နမ့်ခမ်းမှာ လက်နက်ကြီးကျည်ကြောင့် နှစ်ဦး သေ၊ လေးဦး ဒဏ်ရာရ

RFA Burmese
2023.11.21
နမ့်ခမ်းမှာ လက်နက်ကြီးကျည်ကြောင့် နှစ်ဦး သေ၊ လေးဦး ဒဏ်ရာရ ရှမ်းပြည်နယ်၊ နမ့်ခမ်းမြို့ သာယာကုန်းရပ်ကွက်တွင် ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၀ ရက်နေ့က လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲပြီး မီးလောင်သွားခဲ့သည့် နေအိမ်တစ်လုံးအား တွေ့ရစဉ်။
Ta'ang Women's Organization

ရှမ်းပြည်နယ် နမ့်ခမ်းမြို့မှာ နိုဝင်ဘာလ ၂၁ ရက်နေ့က စစ်ကောင်စီဘက်က ပစ်ခတ်တဲ့ လက်နက်ကြီးကျရောက်ပေါက်ကွဲတာကြောင့် အရပ်သား နှစ်ဦးသေဆုံးခဲ့ပြီး လေးဦးဒဏ်ရာရခဲ့တယ်လို့ တအာင်း အမျိုးသမီးအဖွဲ့ (TWO) က သတင်းထုတ်ပြန်ပါတယ်။

နိုဝင်ဘာလ ၂၁ ရက်နေ့ ညနေပိုင်းက နမ့်ခမ်းမြို့၊ ပေါက်နေရပ်ကွက်မှာ စစ်ကောင်စီရဲ့ စခန်းသစ်ကနေ ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျရောက်ပေါက်ကွဲပြီး အမျိုးသမီး နှစ်ဦးသေဆုံးခဲ့တာလို့ ဆိုပါတယ်။ ဒဏ်ရာရသူ လေးဦးထဲမှာတော့ သုံးနှစ်အရွယ်ကလေးတစ်ဦး ပါဝင်ပါတယ်။

ဒဏ်ရာရသူလေးဦးဟာ နမ့်ခမ်းဆေးရုံမှာ ဆေးကုသခံနေပြီး တချို့က ဒဏ်ရာပြင်းထန်တယ်လို့လည်း TWO ရဲ့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

နိုဝင်ဘာ ၂၁ရက်နေ့က နမ့်ခမ်းမြို့နယ်မှာ တိုက်ပွဲမဖြစ်ဘဲ စစ်ကောင်စီရဲ့ စခန်းသစ်ကုန်းကနေ လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်ခဲ့တာကြောင့် အရပ်သားတွေ သေဆုံးခဲ့ရတာလို့လည်း TWO က ဆိုပါတယ်။

TWO ကြေညာချက်နဲ့ပတ်သက်လို့ စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဖုန်းနဲ့ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ ဖုန်းမဖြေပါဘူး။

နိုဝင်ဘာလ ၂၀ ရက်နေ့ကလည်း နမ့်ဆန်မြို့နယ်နဲ့ မူဆယ်မြို့နယ်မှာ စစ်ကောင်စီတပ်ပစ်လိုက်တဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲတာကြောင့် ကလေးငယ်တစ်ဦး အပါအဝင် နှစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

တအာင်းအမျိုးသမီးအဖွဲ့ (TWO) ရဲ့ နိုဝင်ဘာလ ၂၀ ရက်နေ့အထိ စာရင်းတွေအရ အောက်တိုဘာလ ၂၇ ရက် ၁၀၂၇ စစ်ဆင်ရေးနောက်ပိုင်း ရှမ်းပြည်နယ်မြောက်ပိုင်းမှာ တိုက်ပွဲတွေအတွင်း အရပ်သား အယောက် ငါးဆယ် သေဆုံးပြီး ၉၆ ယောက် ဒဏ်ရာရရှိခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။