မစ္စတာ နမ်ဘီးယား ကေအိုင်အို ဌာနချုပ်ကို သွားရောက်
2013.08.28

ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ် မစ္စတာနမ်ဘီးယားဟာ ဒီနေ့ KIO ဌာနချုပ်တည်ရှိရာ လိုင်ဇာမြို့ကိုလာရောက်ခဲ့ပြီး IDP ဒုက္ခသည်စခန်း ၃ခုကို သွားရောက်ကြည့်ရှုသွားတယ်လို့ သိရပါတယ်။
မစ္စတာနမ်ဘီယားနဲ့အဖွဲ့ဟာ လိုင်ဇာမြို့ကို မနက် ၁၁ နာရီကျော်မှာလာရောက်ခဲ့ပြီး ညနေ၄နာရီခွဲမှာ ပြန်လည် ထွက်ခွာသွားပါတယ်။ ခရီးစဉ်အတွင်း ဆွေးနွေးမှုတွေမလုပ်နိုင်ခဲ့ဘူးလို့ ဒုက္ခသည် ကူညီစောင့်ရှောက်ရေးအဖွဲ့ဥက္ကဌ ဦးတွဲတီဆာက ပြောပါတယ်။
မစ္စတာနမ်ဘီယားနဲ့အတူ ငြိမ်းချမ်းရေး အကျိုးဆောင် ၄ ဦးပါလိုက်ပါလာခဲ့တဲ့ အပြင် မစ္စတာနမ်ဘီယားဟာ KIO ခေါင်းဆောင်တွေနဲ့ ခေတ္တတွေ့ဆုံခဲ့ပေမယ့် ဘာတွေဆွေးနွေးခဲ့သလဲ ဆိုတာမသိရသေးပါဘူး။ အလားတူ KIO နဲ့ အစိုးရငြိမ်းချမ်းရေးဆွေးနွေးစဉ် ဒုက္ခသည်များ နေရပ်ပြန်ရေး သဘောတူညီခဲ့ပေမယ့် ဒီကိစ္စနဲ့ပတ်သက်လို့ ပြောဆိုခဲ့ခြင်း မရှိဘူးလို့ ဥိးတွဲတီဆာက ပြောပါတယ်။
ဒီအတောအတွင်း ကချင်ပြည်နယ်ကိုရောက်ရှိနေတဲ့ ကုလသမဂ္ဂအထူး ကိုယ်စားလှယ် မစ္စတာဗီဂျေနမ်ဘီးယားဟာ ကချင်ပြည်နယ် အတွင်းမှာရှိတဲ့ ရှမ်းမျိုးနွယ်စု ခေါင်းဆောင်တွေနဲ့ မနေ့ ညနေပိုင်းက မြစ်ကြီးနားမြို့မှာ သီးသန့်တွေ့ဆုံခဲ့တယ်လို့ တွေ့ဆုံရာမှာ ပါဝင်တဲ့ ရှမ်းမျိုးနွယ်စု ခေါင်းဆောင်တစ်ဦးက RFA ကို အခုလိုပြောပါတယ်။