စစ်ဘေးဒုက္ခသည် တစ်ထောင်လောက်ကို ပြည်နယ်ဝန်ကြီး စားနပ်ရိက္ခာ လှူဒါန်း
2018.04.24
ကချင်ပြည်နယ် မိုးကောင်းမြို့နယ် ကဆုန့်ရွာနားမှာ အခြေစိုက်တဲ့ ကေအိုင်အေတပ်ရင်း ၁၁ နဲ့ တပ်မတော်တို့ရဲ့ တိုက်ပွဲတွေကြောင့် ခရစ်ယာန်ဘာသာရေးကျောင်းတွေမှာ စစ်ဘေးတိမ်းရှောင်နေကြတဲ့ လူဦးရေ တစ်ထောင် လောက်ကို ပြည်နယ်လူမှုရေးဝန်ကြီး က ဒီကနေ့ စားနပ်ရိက္ခာတွေ သွားရောက် လှူဒါန်းခဲ့ပါတယ်။
ပြည်နယ်အစိုးရက ဆန်အိတ် ၃၈၀ နဲ့ အခြေခံစားနပ်ရိက္ခာတွေကို ထောက်ပံ့တာလို့ ဝန်ကြီးနဲ့အတူ လိုက်ပါခဲ့တဲ့ နမ္မတီးမြို့မိမြို့ဖ ဦးဝင်းဘို က ပြောပါတယ်။
"စစ်ဘေးစစ်ရှောင်အင်အားပေါ့နော် တစ်ထောင်နဲ့ ကိုးယောက်ပေါ့။ ဘာသာပေါင်းစုံ။ အဲဒီက လူတွေကို ဒီနေ့ ဆန်အိတ် ၃၈၀ နဲ့ တခြား တိုလီမုတ်စ အထွေထွေပေါ့လေနော။ အဲတာတွေ လာလှူသွားတယ်။ ပြည်နယ်အစိုးရ က လှူတယ်။ ကျနော်တို့က ဝိုင်းပေးတယ်ပေါ့၊ ကဆုန့်ရယ် ဆန်ခါရယ် အဲဒီ နှစ်ရွာက လူတွေများပါတယ်။ အဲဒီမှာ အထက်မှာ နှစ်ရွာပဲ ရှိတာကိုး"
ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် ကဆုန့် နဲ့ ဆန်ခါ (ဆွတ်မိုင်) ရွာတွေက မိသားစုတွေဟာ နမ္မတီးဒေသ လမ်းခွ၊ ကံလှ စတဲ့ ရွာတွေက ခရစ်ယာန်ဘာသာရေးကျောင်းတွေမှာ ခိုလှုံနေကြတာဖြစ်ပါတယ်။
အလားတူ အခု ရက်ပိုင်းအတွင်း တနိုင်း-ဟူးကောင်းဒေသမှာတပ်မတော်နဲ့ ကေအိုင်အေတို့ရဲ့ တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ ရွာသားတွေကိုလည်း အစိုးရ နဲ့ ကြက်ခြေနီအဖွဲ့တွေက သွားရောက်ကူညီ ခဲ့ကြပါတယ်။
မြောက်ပိုင်းတိုင်းစစ်ဋ္ဌာနချုပ် တိုင်းမှူးနဲ့ ဝန်ကြီးချုပ် တို့ဟာ ဧပြီလ ၁၈ ရက်နေ့က တွေ့ဆုံခဲ့ကြပြီး တိုက်ပွဲဖြစ်ပွား ခဲ့တဲ့ တနိုင်းဒေသအပါအဝင် တစ်ပြည်နယ်လုံးတည်ငြိမ်အောင် နဲ့ ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းတွေကို ပူးပေါင်းဆောင်ရွက်ကြဖို့ ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။
တနိုင်းနဲ့ ဖားကန့်ဒေသဘက်မှာ တပ်မတော် နဲ့ ကေအိုင်အေတို့ရဲ့ တိုက်ပွဲတွေအတွင်း ထိခိုက်မှုတွေရှိခဲ့ပေမယ့် နှစ်ဖက်လုံးက သတင်းမထုတ်ပြန်ခဲ့ပါဘူး။ တိုက်ပွဲတွေအတွင်း လက်နက်ကြီးနဲ့ မြေမြုှပ်မိုင်း ပေါက်ကွဲမှုတွေကြောင့် ပြည်သူတချို့ထိခိုက် သေဆုံးမှုတွေလည်း ရှိခဲ့ပါတယ်။