NCA လက်မှတ်ထိုးရန် ဆုံးဖြတ်ချက် မရှိသေးဟု နိုင်ဟံသာ ပြောကြား

 ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC ဒုဥက္ကဌ  ဦးနိုင်ဟံသာ ကို တွေ့ရစဉ်
ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC ဒုဥက္ကဌ ဦးနိုင်ဟံသာ ကို တွေ့ရစဉ် (Photo: Kyaw Lwin Oo/ RFA)

ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC အဖွဲ့ဝင် ၅ ဖွဲ့ဖြစ်တဲ့ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP)၊ မွန်ပြည်သစ်ပါတီ (NMSP)၊ ရခိုင်အမျိုးသားကောင်စီ (ANC)၊ လားဟူဒီမိုကရက်တစ် အစည်းအရုံး (LDU) နဲ့ ဝ,အမျိုးသားအဖွဲ့ချုပ် (WNO) တို့ဟာ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ကို လက်မှတ်ရေးထိုးတော့မယ်လို့ မတ်လ ၃ဝ ရက် ညနေပိုင်းမှာ ပြောကြား လာကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာနက သတင်းထုတ်ပြန်လိုက်ပါတယ်။

အစိုးရတာဝန်ယူမှု ၁ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပြော ကြားတဲ့မိန့်ခွန်းကို ရုပ်မြင်သံကြားကတဆင့် ထုတ်လွှင့်ခဲ့ပြီးနောက်မှာမှ ဒီသတင်းရရှိတဲ့အတွက် ဒေါ်အောင်ဆန်း စုကြည်က ဖြည့်စွက်သတင်းစကားအဖြစ် တယ်လီဖုန်းက ပေးပို့ခဲ့တာလို့ ဆိုပါတယ်။

နိုင်ငံတော်အစိုးရ ၁ နှစ်ပြည့်တဲ့နေ့နဲ့ တိုက်ဆိုင်ပြီး ထွက်ပေါ်လာတဲ့ ဒီသတင်းဟာ နိုင်ငံတော်နဲ့ ပြည်သူတွေ အတွက် အကောင်းဆုံးနဲ့ မင်္ဂလာအရှိဆုံး သတင်းဖြစ်တယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဖြည့်စွက် သတင်းစကားမှာ ဖော်ပြထားပါတယ်။

အခုလို UNFC အဖွဲ့ဝင် ၅ ဖွဲ့က NCA စာချုပ်မှာ လက်မှတ်ရေးထိုးဖို့ ဆုံးဖြတ်လိုက်တဲ့အတွက် ငြိမ်းချမ်းရေး မျှော်လင့် ချက်ရောင်ခြည်တွေ ပိုမိုတောက်ပလာခဲ့ပြီဖြစ်ကြောင်း၊ ဒီအဖွဲ့ ၅ ဖွဲ့ အနေနဲ့ NLD ပါတီအစိုးရရဲ့ ငြိမ်းချမ်းရေးဖြစ် စဉ်ကို ယုံကြည်ပေးကြတဲ့အတွက် အထူးဝမ်းမြောက်ကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုထား ပါတယ်။

နိုင်ငံတော် အတိုင်ပင်ခံရုံးရဲ့ ထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး UNFC ဒု-ဥက္ကဌ နိုင်ဟံသာကို RFA က ဆက်သွယ်မေးမြန်းရာတော့ ဒီကိစ္စအတွက် ဆုံးဖြတ်ချက် တိတိကျကျ ချမှတ်ထားတာ မရှိသေးဘူးလို့ ပြောပါတယ်။

NCA စာချုပ်မှာ လက်မှတ်ရေးထိုးဖို့အတွက် UNFC က ဖွဲ့စည်းထားတဲ့ နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ (DPN) နဲ့ အစိုးရ ငြိမ်းချမ်းရေးကော်မရှင်တို့ တွေ့ဆုံဆွေးနွေးပြီးနောက် UNFC ရဲ့ အဆိုပြုချက် ၉ ချက်ကို မူအရ သဘောတူထားတာရှိပေမယ့် UNFC အဖွဲ့ဝင် ထိပ်သီးခေါင်းဆောင်အားလုံးနဲ့ ညှိနှိုင်းတိုင်ပင်ပြီး မှသာ ဆုံးဖြတ်ရမှာဖြစ်တယ်လို့ နိုင်ဟံသာက ပြောပါတယ်။