ခွဲထွက်ရေးမူနဲ့ ပတ်သက်ပြီး နိုင်ဟံသာပြော
အမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့် အတွက် မှန်ကန်တဲ့ စေတနာရှိတယ်ဆိုရင် ဘယ်တိုင်းရင်း သားမှ ခွဲထွက်ချင်မှာ မဟုတ်တဲ့အတွက် နိုင်ငံတော်မှ မည်သည့်အခါမျှ ခွဲမထွက်ရ ဆိုတဲ့အချက်ဟာ ၁၉၄၇ ခုနှစ် ပင်လုံမူနဲ့ ကွဲလွဲနေတယ်လို့ UNFC ဒုဥက္ကဌ နိုင်ဟံသာ က ပြောပါတယ်။
-
2017-05-26 -
-
-
အမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်အတွက် မှန်ကန်တဲ့ စေတနာရှိတယ်ဆိုရင် ဘယ်တိုင်းရင်းသားမှ ခွဲထွက်ချင်မှာ မဟုတ်တဲ့အတွက် နိုင်ငံတော်မှ မည်သည့်အခါမျှ ခွဲမထွက်ရဆိုတဲ့အချက်ဟာ ၁၉၄၇ ခုနှစ် ပင်လုံမူနဲ့ ကွဲလွဲနေတယ်လို့ UNFC ဒုဥက္ကဌ နိုင်ဟံသာ က ပြောပါတယ်။
၂၁ ရာစုပင်လုံညီလာခံ အစည်းအဝေးရဲ့ နိုင်ငံရေးကဏ္ဍမှာ နိုင်ငံတော်ရဲ့ နယ်မြေအပိုင်းအခြားဟူသမျှ နိုင်ငံတော် မှ မည်သည့်အခါမှ ခွဲမထွက်ရဆိုတဲ့အချက်ကို ထည့်သွင်းထားတာနဲ့ ပတ်သက်ပြီး UNFC အဖွဲ့ရဲ့ ဒုဥက္ကဌ နိုင်ဟံ သာ ကို အာအက်ဖ်အေက မေးမြန်းရာမှာ သူက အခုလိုပြောပါတယ်။
"လုံးဝကန့်သတ်ထားတဲ့ ပုံစံက ၁၉၄၇ ခုနှစ် ပင်လုံမူနဲ့ နည်းနည်းလွဲမှားနေလို့ တချို့က ကန့်ကွက်ကြ တယ်လေ။ ဒါကလည်းဖြစ်သင့်ပါတယ်။ နောက်တဖက်က လုံးဝကြီးကို ကန့်သတ်ထားတဲ့ ပုံစံမျိုးထက်ပေါ့ ဗျာ။ တိုင်းရင်းသားတွေရဲ့ အမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ရှိမယ်ဆိုရင် ဘယ်သူမှခွဲထွက်မှာ မဟုတ်ပါဘူး။ အဲဒါကန့်သတ်ထားမယ်ဆိုရင် သူတို့ဘက်ကတော့ သံသယရှိတာပေါ့ဗျာ၊ ဒါကတော့ ဒီလိုကန့်သတ်ထားရင် သူတို့ကိုဖိနှိပ်လာရင် ဘယ်လိုလုပ်မလဲဆိုတဲ့ အနေအထားမျိုးတော့ ရှိတာပေါ့ ။ ကျနော်မြင်တာကတော့ စေတနာသန့်သန့်နဲ့ မှန်မှန်ကန်ကန်ဆိုရင် ဘယ်သူမှခွဲထွက်ချင်မှာ မဟုတ် ပါဘူး။"
UNFC အဖွဲ့ဝင်တွေ ပင်လုံညီလာခံ တက်ရောက်ခြင်းမရှိတာဟာ တန်းတူရည်တူ ပါဝင်ဆွေးနွေးဆုံးဖြတ်ပိုင်ခွင့် မရှိဘဲ အထူးဖိတ်ကြားသူအဆင့် လေ့လာသူသဘောမျိုးနဲ့သာ တက်ရောက်ဖို့ ဖိတ်ကြားတာကြောင့် ဖြစ်တယ် လို့ ပြောပါတယ်။ NCA စာချုပ်မှာ ပြင်ဆင် ဖြည့်စွက်ဖို့ အစိုးရကို တင်ပြထားတဲ့ မူ ၉ ချက်ကို ကိုင်ဆွဲထားပြီး NCA လမ်းကြောင်းအတိုင်း ဆက်လက် ဆွေးနွေးသွားမယ်လို့ နိုင်ဟံသာ ပြောပါတယ်။
ဒါ့အပြင် ညီလာခံဟာ တိုင်းရင်းသားအဖွဲ့တွေ စုံလင်မှုမရှိတဲ့အပြင် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေကို တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ မလုပ်နိုင်ခဲ့တာကြောင့် ဒီညီလာခံမှာ ဆုံးဖြတ်ချက် တစ်စုံတခုချခဲ့မယ်ဆိုရင် ပြီးပြည့်စုံတဲ့ညီလာခံ မဟုတ်ဘူးလို့လည်း သူကပြောပါတယ်။
NCA စာချုပ်မှာ ပြင်ဆင်ဖြည့်စွက်ဖို့ UNFC က တောင်းဆိုထားတဲ့ အချက် ၉ ချက်အပေါ် အစိုးရက မူအားဖြင့် သဘောတူထားတာကြောင့် မကြာခင် အပြည့်အဝ လက်ခံသဘောတူဖို့ နီးစပ်လာပြီလို့ ယူဆကြောင်း လည်း နိုင်ဟံသာ က ပြောပါတယ်။