နာဂ ၅၀ နီးပါး တပ်သားစုဆောင်းခံရမှု နာဂတပ်ဖွဲ့နဲ့ မသက်ဆိုင်ကြောင်း NPDF ပြော

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်ကို အလုပ်လုပ်ဖို့ရောက်နေတဲ့ နာဂမျိုးနွယ်စုဝင် တန်ကွန်နဲ့ ကိုကာ့လူမျိုး ၅၀ နီးပါး တပ်သားစုဆောင်းရေးနဲ့ ဖမ်းဆီးခံခဲ့ရတာဟာ အမျိုးသားညီညွတ်ရေးအစိုးရလက်အောက်ခံ နာဂပြည်သူ့ ကာကွယ်ရေးတပ်မတော် (NPDF) နဲ့ မသက်ဆိုင်ကြောင်းနဲ့ ဒီလိုလုပ်ဆောင်ချက်ကို ရှုတ်ချကြောင်း NPDF က မတ်လ ၁၂ ရက်နေ့ ရက်စွဲနဲ့ ကြေညာချက်ထုတ်ပြန်ပါတယ်။

နာဂလက်နက်ကိုင်အဖွဲ့အစည်းတစ်ခုက အင်အားစုဆောင်းရေးအနေနဲ့ ဖားကန့်မြို့နယ်၊ မျောက်ဖြူနဲ့ မနရွာက နာဂမျိုးနွယ်စုဝင် တန်ကွန်နဲ့ကိုကာ့လူမျိုး ၃၀ ကျော်ကို မတ် (၈) ရက်နေ့က ဖမ်းဆီးခဲ့ပြီး မတ်လ ၁၀ ရက်နေ့မှာ နောက်ထပ် ၁၇ ဦးကို ထပ်မံဖမ်းဆီးခဲ့တယ်လို့ နာဂပြည်သူ့ကာကွယ်ရေးတပ်မတော်က သတင်းထုတ်ပြန်ပါတယ်။

ဒီလူတွေကို NPDFက ဖမ်းဆီးခဲ့တာမဟုတ်ဘဲ NPDF တပ်ဖွဲ့ဝင်တစ်ဦးရဲ့ဆွေမျိုးတစ်ဦးလည်း ဖမ်းဆီးခံရတဲ့သူတွေအထဲမှာ ပါဝင်တယ်လို့ NPDF တပ်ရင်းမှူး၊ ဗိုလ်လင်းယုန် ကပြောပါတယ်။

ဒါ့အပြင် ဖမ်းဆီးခံရသူတွေထဲမှာ နာဂယဉ်ကျေးမှုအဖွဲ့ဝင်တွေလည်းပါပြီး အဲ့ဒီအဖွဲ့က ညှိနှိုင်းလို့ တချို့တစ်ဝက်ပြန်လွတ်လာကြောင်းနဲ့ NPDF အဖွဲ့ဝင်တစ်ဦးရဲ့ ညီဖြစ်သူလည်းပြန်လွတ်လာကြောင်း ဗိုလ်လင်းယုန်က ပြောပါတယ်။

“ပါသွားတဲ့အထဲမှာ ယဉ်ကျေးမှုအဖွဲ့ဥက္ကဋ္ဌတွေလည်းပါသွားတယ်ကြားတယ်။ အဲ့ဒါကြောင့် အဲ့ဒီမှာရှိတဲ့ တာဝန်ရှိသူတွေက သွားညှိလို့ ပြန်လွတ်လာတဲ့သူူတွေလည်းရှိတယ်။ ကျွန်တော်တို့ရဲဘော်ရဲ့ညီဆိုရင် မနေ့က မှပြန်လွတ်လာတာနဲ့တူတယ်။ ပြန်လွတ်လာတဲ့သူတွေနဲ့ ကျွန်တော်တို့ ချိတ်ဆက်ပြီးမေးကြည့်တဲ့အခါမှာ ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ မပြောမဆိုဖို့ သူတို့ခြိမ်းခြောက်မှုတွေရှိတယ်နဲ့တူတယ်။ သေချာ ကျွန်တော်တို့တော့ ဂဃနဏ မေးကြည့်လို့မရဘူး။”

မတ်လ ၁၂ ရက်နေ့အထိ ငါးဦးပြန်လွတ်လာတယ်လို့ သတင်းကြားရတဲ့အတွက် ၄၀ လောက် ဖမ်းဆီးခံထားရကြောင်း သူကပြောပါတယ်။

သွားရောက်ညှိနှိုင်းခဲ့တဲ့ ဖားကန့်မြို့နာဂရိုးရာယဉ်ကျေးမှုအဖွဲ့ဝင်တစ်ဦးကို RFA က ဆက်သွယ်မေးမြန်းတဲ့အခါ လုံခြုံရေးအတွက် စိုးရိမ်နေရလို့ တစ်စုံတစ်ရာဖြေဆိုဖို့ မဖြစ်နိုင်ကြောင်း ပြောပါတယ်။

နာဂဒေသကနေ ဖားကန့်ကို လာရောက်အလုပ်လုပ်ကြတဲ့ နာဂမျိုးနွယ်စု တိုင်းရင်းသားတွေ ဖမ်းဆီးခံရမှုမှာ နာဂတိုင်းရင်းသားတွေက NPDF ကို အထင်လွဲမှားမှုတွေရှိလာတာကြောင့် ကြေညာချက်ထုတ်ပြန်ရတာလို့ NPDF တပ်ရင်းမှူး ဗိုလ်လင်းယုန်က ပြောပါတယ်။

“လေရှီးမြို့နယ်ထဲမှာကျတော့ ကျွန်တော်တို့ကို အထင်လွဲမှားမှုတွေဖြစ်လာတယ်။ ဒါ PDF တွေလက်ချက်ပဲဖြစ်မယ်။ PDF တွေ လုပ်ဆောင်တဲ့အရာတွေပဲဖြစ်မယ်ဆိုပြီး ကျွန်တော်တို့ကို ဆက်သွယ်ပြီး နားလည်မှုလွဲပြီး အထင်လွဲမှားမှုတွေဖြစ်လာတဲ့အခါမှာ ကျွန်တော်တို့လည်း ဒီကိစ္စနဲ့ပတ်သက်ပြီး မသက်ဆိုင်တဲ့အကြောင်း စာထုတ်ပြန်ပြီး ဒီကိစ္စကို ဖြေရှင်းတာဖြစ်ပါတယ်။ ပြည်သူတွေရဲ့ စိတ်ဆန္ဒမပါဘဲ ကျွန်တော်တို့မှာ စုဆောင်းပိုင်ခွင့်မရှိဘူးပေါ့။”

ဖမ်းဆီးခံရသူတွေရဲ့မိသားစုဝင်တွေ၊ ပြန်လည်လွတ်မြောက်လာသူတွေနဲ့ အဆက်အသွယ်ရဖို့ RFA က ကြိုးစားနေဆဲဖြစ်ပါတယ်။

naga01.jpg
နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတွင်းတွင် ၂ဝ၁၅ ခုနှစ်က တွေ့ရသည့် နာဂ အမျိုးသားတချို့။ (Photo: Reuters)

ကချင်ပြည်နယ်မှာ ၂၀၂၁ အာဏာသိမ်းပြီးနောက် နာဂပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ NPDF နဲ့ အရှေ့ပိုင်းနာဂ အမျိုးသားအဖွဲ့ ENNO ခေါ်တဲ့ လက်နက်ကိုင်အဖွဲ့ နှစ်ဖွဲ့ ရှိတယ်လို့ နီးစပ်သူတွေက ပြောကြပါတယ်။

နာဂတိုင်းရင်းသားတွေဖမ်းဆီးခံရတဲ့ကိစ္စနဲ့ပတ်သက်ပြီး ENNO ကတစုံတရာထုတ်ပြန်တာမတွေ့ရသေးသလို ENNO တာဝန်ရှိသူတွေကိုလည်း RFA က ဆက်သွယ်ဖို့ ကြိုးစားနေဆဲ ဖြစ်ပါတယ်။

စစ်ကောင်စီကို တော်လှန်ဖို့ဆိုပြီး လက်နက်ကိုင်တဲ့အဖွဲ့တွေက ပြည်သူတွေကို ဖမ်းဆီးမယ်ဆိုရင် မူလရည်ရွယ်ချက်ပျောက်ပြီး တော်လှန်ရေးဆုံးရှုံးလိမ့်မယ်လို့ ခန္တီးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက မှတ်ချက်ပြုပါတယ်။

“စစ်ကောင်စီကို တော်လှန်ဖို့လက်နက်ကိုင်တာ။ အခုဟာက ကိုယ့်လူမျိုးအချင်းချင်းငါတို့လက်နက်ရှိတယ်။ ငါတို့လုပ်မယ်ဆိုပြီးလုပ်တာက ယုတ်ညံ့တဲ့စိတ်ဓာတ်ပေါ့။ ဒါမျိုးက ကျွန်တော်တို့က ရှုတ်လည်းရှုတ်ချတယ်။ မဆိုင်တဲ့သူတွေကို ဖမ်းဆီးတာ၊ သတ်ဖြတ်တာကို ကျွန်တော်တို့ အားလည်းအားမပေးဘူး။ လက်နက်ကိုင်တဲ့ ရည်ရွယ်ချက်ကိုလည်း သိဖို့လိုတယ်။ ပြည်သူကိုနှိပ်စက်ဖို့လက်နက်ကိုင်တာလား။ စစ်ကောင်စီကို တော်လှန်ဖို့ လက်နက်ကိုင်တာလားဆိုတာလည်း ကွဲကွဲပြားပြားသိဖို့လိုတယ်။ ကိုယ်သွားမယ့် ရည်ရွယ်ချက်ကဘာလဲ။ ကိုယ်လုပ်မယ့် ရည်ရွယ်ချက်က ဘာလဲဆိုတာလည်း သိဖို့လိုတယ်။ စစ်ကိုင်းတိုင်းမှာလည်း ဖြစ်နေတဲ့ဟာတွေရှိတယ်။ ဒီလိုမျိုးတွေကိုလုပ်လာမယ်ဆိုရင် ပြည်သူတွေက မုန်းတီးလာမယ်။ မုန်းတီးလာရင် တော်လှန်ရေးက ကျဆုံးတဲ့ဘက်မှာရောက်မယ်။ စစ်ကောင်စီအလိုကျဖြစ်မယ်။ ဒါစစ်ကောင်စီနဲ့ အတူတူပဲဆိုတဲ့ စိတ်မျိုးပြည်သူတွေရဲ့ စိတ်ထဲမှာ ဝင်သွားလိမ့်မယ်။”

ဖားကန့်မှာ ဖမ်းဆီးခံထားရတဲ့ နာဂတိုင်းရင်းသားတွေထဲမှာ အသက် ၁၈ နှစ်အောက်အရွယ်ကနေ အသက် ၄၀ အရွယ်အထိ ပါဝင်တယ်လို့ ဗိုလ်လင်းယုန် ကပြောပါတယ်။

နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လေရှီးနဲ့ လဟယ်ဘက်က နာဂတိုင်းရင်းသားတွေဟာ စီးပွားရေး အဆင်မပြေတဲ့အတွက် ကချင်ပြည်နယ်၊ ဖားကန့်မှာ အလုပ်လုပ်ကိုင်နေကြတာဖြစ်ပါတယ်။