မြစ်ကြီးနားက စစ်တပ်ပိုင် Mytel ရုံးမှာ ဗုံးကွဲ

မြစ်ကြီးနားမြို့ Mytel ဖုန်းဆက်သွယ်ရေးရုံး
မြစ်ကြီးနားမြို့ Mytel ဖုန်းဆက်သွယ်ရေးရုံး (Photo - Mytel)

ကချင်ပြည်နယ် မြစ်ကြီးနားမြို့၊ တပ်ကုန်းရပ်ကွက်ထဲမှာရှိတဲ့ စစ်တပ်ပိုင် Mytel တယ်လီဖုန်း ဆက်သွယ်ရေးရုံးအတွင်းမှာ ဒီနေ့ည ၈ နာရီခွဲက ပေါက်ကွဲမှု ဖြစ်ခဲ့တယ်လို့ အဲ့ဒီနားမှာ နေထိုင်တဲ့ ဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။

ပေါက်ကွဲသံကြောင့် ဘေးနားမှာရှိတဲ့ အိမ်တွေ တုန်ခါသွားတယ်လို့ ဆိုပါတယ်။

"အခုတော့ စစ်ကားတွေ လာနေတာ တွေ့ရတယ် ။ ရုံးထဲကနေ ကွဲတာပါ ။ အပြင်ကနေ ပစ်ထည့်တာလား ဆင်ထားတာလားတော့ မသိဘူး ။ အသံကတော့ အိမ်တွေတောင် တုန်ခါသွားတယ်။ ရုံးက ညဘက်မှာတော့ လူသိပ်များများနေတာ မတွေ့ရဘူး" လို့ အဲ့ဒီဒေသခံကပြောပါတယ်။

ဗုံးပေါက်ကွဲမှုနဲ့ပတ်သက်လို့ ထိခိုက်ဆုံးရှုံးမှုတွေကိုတော့ RFA က သီးခြားအတည်ပြုလို့ မရသေးပါဘူး။

လက်ရှိ ပေါက်ကွဲမှုဖြစ်တဲ့နေရာမှာ လုံခြုံရေးတင်းကြပ်ချထားပြီး မြို့ထဲမှာလည်း သေနတ်သံတွေ ကြားနေရတယ်လို့ ဒေသခံက ပြောပါတယ်။

မနေ့က ညပိုင်းကလည်း မြစ်ကြီးနားမြို့ လည်ကုန်းရပ်ကွက်မှာရှိတဲ့ ရဲတပ်ရင်းနား တဝိုက်မှာ ပေါက်ကွဲမှုဖြစ်ခဲ့ပါတယ်။