မြို့သာ တိုက်နယ်ဆေးရုံသစ်ရဲ့ အရည်အသွေး အငြင်းပွားနေ
မန္တလေးတိုင်း ငါးဇွန်မြို့နယ်က မြို့သာတိုက်နယ်ဆေးရုံသစ် နဲ့ ပတ်သက်လို့ အစိုးရသတ်မှတ်ပေးတဲ့ တန်ဖိုးနဲ့ ဆေးရုံ ရဲ့အရည်အသွေးမမှီလို့ဆိုပြီး၊ ဒေသခံတွေနဲ့ ဆောက်လုပ်ရေးကုမ္ပဏီကြား အငြင်းပွားမှု ဖြစ်နေပါတယ်။
-
2016-05-31 -
-
-
Your browser doesn’t support HTML5 audio
မန္တလေးတိုင်း ငါးဇွန်မြို့နယ်က မြို့သာတိုက်နယ်ဆေးရုံသစ်နဲ့ ပတ်သက်လို့ အစိုးရသတ်မှတ်ပေးတဲ့ တန်ဖိုးနဲ့ ဆေးရုံရဲ့အသွေးမမီလို့ဆိုပြီး၊ ဒေသခံတွေ နဲ့ ဆောက်လုပ်ရေးကုမ္ပဏီကြား အငြင်းပွားမှု ဖြစ်နေပါတယ်။
ဆေးရုံအတွက် သိန်းငါးထောင့်ကိုးရာနဲ့ မြန်မာရွှေတောင် ဆောက်လုပ်ရေးကုမ္ပဏီလီမိတက်က ကန်ထရိုက်ရခဲ့တာဖြစ်ပါတယ်။ အခုချိန်မှာ ဆေးရုံပြီးစီး ပြီဖြစ်ပေမယ့် အရည်အသွေးညံ့ဖျင်း နေတဲ့အကြောင်း ငါန်းဇွန်မြို့နယ် ဆရာဝန်ကြီး ဒေါက်တာအောင်ဆန်းက RFA ကိုပြောပါတယ်။
"သိန်းခြောက်ထောင်နဲ့ ဆေးရုံ၊ ဆေးရုံထဲမှာတော့ အရွယ်အစားအငယ်ဆုံးဆေးရုံလို့ပြောရမှာပဲ၊ ဆရာဝန်တွေအိမ်ပါမယ်၊ သူနာပြု၊ အလုပ်သမားနေအိမ်ပါတယ်၊ ဝန်ထမ်းအိမ်ယာလေးလုံးရယ်၊ ပင်မဆောင်ရယ်ဆိုတော့ အားလုံးပေါင်း အဆောက်အဦး ၅ ခုပေါ့နော်၊ ရာနှုန်းပြည့်နီးပါးတော့ ပြီးသွားပြီ၊ အရည်အသွေးကတော့ မမီဘူးလို့ပြောရမှာပေါ့၊ ကျနော်တို့ဆောက်လုပ်ရေးကော်မတီတွေ၊ တိုင်းအဆင့်ကရော၊ ခရိုင်အဆင့်ကရော ကြိမ်ဖန်များစွာဖြစ်တယ်လေ၊ ကျနော်တို့အနေနဲ့ကတော့ စစ်ဆေးရတာခက်တာပေါ့"
ဒါကြောင့် ဆေးရုံးသစ်မှာ ပြန်လည်ပြုပြင်ရမယ့်အချက် ၃၈ ချက်ကို ဒေသခံတွေက ကုမ္ပဏီကို တောင်းဆိုထားကြပါတယ်။
ဒေသခံတွေ တောင်းဆိုထားတဲ့အချက်တွေလည်း ပြင်ပေးထားတယ်လို့ ကုမ္ပဏီဘက်ကပြောပါတယ်။ ဒါ့အပြင် ဆေးရုံရဲ့တန်ဖိုးနဲ့ အရည်အသွေးကိုက်ညီမှု ရှိ/မရှိ ဆိုတာကို စာရင်းစစ်ဝင်တဲ့အခါသိရမှာ ဖြစ်တယ်လို့ ကုမ္ပဏီ အမှုဆောင်အရာရှိချုပ် ဦးကျော်စွာဦးကပြောပါတယ်။
မန္တလေးတိုင်း ငါးဇွန်မြို့နယ်က မြို့သာတိုက်နယ်ဆေးရုံသစ်နဲ့ အရည်အသွေးနဲ့ တန်ဖိုးကိစ္စအတွက် ဒေသခံတွေနဲ့ ကုမ္ပဏီကြားအငြင်းပွါးမှုနဲ့ ပတ်သက်လို့ ငါန်းဇွန်မြို့နယ်ဆရာဝန်ကြီး၊ မြို့သာအုပ်ချုပ် ရေးမှူးနဲ့ မြန်မာရွှေတောင်ဆောက်လုပ်ရေးကုမ္ပဏီလီမိတက် အမှုဆောင်အရာရှိချုပ် ဦးကျော်စွာဦး တို့ကို ဆက်သွယ်မေးမြန်းစုံစမ်းပြီး RFA ဝိုင်းတော်သား ကိုနေရိန်ကျော် တင်ပြထားပါတယ်။