မြို့သာစက်မှုစီမံကိန်း သိမ်းယူမြေတွေ အတွက် လျော်ကြေးတောင်းဆို

မန္တလေးတိုင်းဒေသကြီး မြို့သာစက်မှု ဥယျာဉ် စီမံကိန်းအတွင်းမှာ မြေ ယာလျော်ကြေး မယူထားတဲ့ တောင်သူ ၁၅ဝ ကျော်က ကာလပေါက်ဈေးအတိုင်း လျော်ကြေးပေးဖို့ မန္တလေး တိုင်းဒေသကြီး အစိုးရအဖွဲ့ကို တောင်းဆိုကြောင်း ပြော ပါတယ်။

မန္တလေးတိုင်းဒေသကြီး မြို့သာစက်မှုဥယျာဉ် စီမံကိန်းကို တွေ့ရစဉ် Photo: Nay Thwae/RFA

မန္တလေးတိုင်းဒေသကြီး မြို့သာစက်မှုဥယျာဉ် စီမံကိန်းအတွင်းမှာ မြေယာလျော်ကြေး မယူထားတဲ့ တောင်သူ ၁၅ဝ ကျော်က ကာလပေါက်ဈေးအတိုင်း လျော်ကြေးပေးဖို့ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ကို တောင်း ဆိုကြောင်း ပြောပါတယ်။

လယ်သမားတွေက မန္တလေးမြို့ ဗေဒါခန်းမမှာ ဒီနေ့ သတင်းစာရှင်းလင်းပွဲကျင်းပပြီး သိမ်းယူမြေတွေအတွက် ကာလပေါက်ဈေးအတိုင်း လျော်ကြေးပေးဖို့ တောင်းဆိုတာဖြစ်ကြောင်း လက်ပန်ကျင်းရွာက တောင်သူ ဦးသိန်းဇော်က အဲ့ဒီသတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

 

"၅ သိန်းနှုန်းနဲ့ ကျနော်တို့မှာ ပြန်ပြီးတော့ မြေအစားရဖို့ဆိုတာ မဖြစ်နိုင်ပါဘူးခင်ဗျ၊ အခုကျနော်တို့ ဒေသ ကာလပေါက်ဈေးးပေါ့လေ အပြင်ပေါက်ဈေးတွေက သိန်း ၈ဝ လောက်ရှိပါတယ်ခင်ဗျ၊ ၅ သိန်းနှုန်း နဲ့သာ ကျနော်တို့ လျှော်ကြေးငွေယူလိုက်မယ်ဆိုလို့ရှိရင် အပြင်မှာမြေအစား ပြန်ဝယ်လို့မရနိုင်ပါဘူးခင်ဗျ၊ အဲ့ဒါကြောင့်မို့လို့ ကျနော်တို့က ၅ သိန်းနှုန်းနဲ့ ဘယ်လိုမှမဖြစ်နိုင်ဘူးဆိုတဲ့ အတိုင်းအတာမျိုးနဲ့ ကျနော်တို့ တင်ပြရခြင်းဖြစ်ပါတယ်ခင်ဗျ"

မြို့သာစက်မှုဥယျာဉ် စီမံကိန်းအတွက် လယ်မြေတွေကို တစ်ဧကကို ကျပ် ၅ သိန်းနှုန်းနဲ့ လွန်ခဲ့တဲ့ ၂ဝ၁၂ ခုနှစ် က လျော်ကြေးပေးခဲ့ပါတယ်။ လက်ရှိစီမံကိန်းနယ်မြေထဲမှာ လျော်ကြေးမယူထားတဲ့ လယ်မြေဧကပေါင်း နှစ်ထောင်နီးပါးလောက် ရှိသေးတယ်လို့ သိရပါတယ်။

အဲ့ဒီစီမံကိန်းမှာ မြေယာတစ်ဧကကို ကာလပေါက်ဈေး ကျပ်သိန်း ၄ဝ ကနေ ၃ဝဝ အထိ ပေါက်ဈေးရှိနေပါတယ်။

မြို့သာစက်မှုဥယျာဉ် စီမံကိန်းထဲမှာ ဂေါက်ကွင်း၊ ဟိုတယ်၊ ဆိပ်ကမ်းနဲ့ စက်ရုံ စတဲ့လုပ်ငန်းတွေ တည်ဆောက်ဖို့ အတွက် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့က စီးပွားရေးလုပ်ငန်းရှင်တွေကို လုပ်ကိုင်ခွင့်ပေးထားတာဖြစ် ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org