မျိုးကိုမျိုးရဲ့ ဝတ္ထုသစ်ရောင်းရငွေ နိုင်ငံရေး အကျဉ်းသားတွေကို ခွဲေ၀ ထောက်ပံ့မည်

၁၉၈၈ ဒီမိုကရေစီ အရေးလှုပ်ရှားမှုထဲမှာ ပါဝင်ခဲ့တဲ့ တက္ကသိုလ်ကျောင်းသား တယောက်အကြောင်းကို နောက်ခံပြု ရေးသားထားတဲ့ စာရေးဆရာ မျိုးကိုမျိုး ရဲ့ လမင်းဖြူရဲ့ကောင်းကင်ဆိုတဲ့ လုံးချင်းဝတ္ထုသစ်ကို မကြာခင်ရက်ပိုင်းက ထုတ်ဝေ ဖြန်ချိခဲ့ပါတယ်။

စာရေးဆရာ မျိုးကိုမျိုး ၏ 'လမင်းဖြူရဲ့ကောင်းကင်' လုံးချင်း ဝတ္ထုသစ် ကြော်ငြာ ဖြစ်ပါသည်။ RFA

အဲဒီစာအုပ်က ရရှိတဲ့အမြတ်ငွေ သုံးဆယ့်ငါး ရာခိုင်နှုန်းကို ထောင်အသီးသီးမှာ ကျန်ရှိနေသေးတဲ့ နိုင်ငံရေး အကျဉ်းသားတွေကို ထောက်ပံ့ ပေးသွားမှာဖြစ်ပါတယ်။

စာရေးဆရာ မျိုးကိုမျိုး က RFA ကို ပြောဆိုရာမှာ “အဓိက ကတော့ဗျာ ကျွန်တော်ကိုယ်တိုင်ကလည်း ယုံကြည်ချက်ကြောင့် ထောင် ၆ နှစ်ကျခဲ့တယ်။ ထို့အတူပဲ ကျွန်တော် သူငယ်ချင်းတွေ၊ အနီးစပ်ဆုံးဆိုရင် ကျွန်တော်ညီ ကိုဂျင်မီတို့လင်မယားဆိုလည်း ယုံကြည်ချက်ကြောင့် အကျဉ်းကျပြီး လွတ်လာတာ ရက်ပိုင်းပဲရှိသေးတယ်လေ။

သူတို့ကို လေးစား အသိအမှတ်ပြုသောအားဖြင့် အားလုံးက အခုချိန်မှာ အရင်ထက်ကို ကျယ်ကျယ်ပြန့်ပြန့် တတ်အားသမျှ ဝိုင်းဝန်းလုပ်ဆောင် ကူညီခဲ့ကြတယ်ပေါ့ဗျာ။ ကျွန်တော်ကလည်း တစ်တပ်တအား အုပ်တစ်ချပ်သဲတပွင့် ဝင်ပါတဲ့သဘောပါပဲ”။

လမင်းဖြူရဲ့ကောင်းကင် လုံးချင်းဝတ္ထုကို ပထမအကြိမ် အုပ်ရေ ၂၀၀၀ ရိုက်နှိပ်ထုတ်ဝေခဲ့ပြီး တစ်အုပ်ကို ရောင်းဈေး ကျပ်ငွေ ၁၅၀၀ သတ်မှတ်ထားပါတယ်။

ဒီစာအုပ်ဟာ မြန်မာနိုင်ငံ စစ်အစိုးရ အဆက်ဆက်ကာလကနေ အပြောင်းအလဲတချို့ စတင်နေချိန်အတွင်း နိုင်ငံရေးနဲ့ ပတ်သတ်တဲ့ လုံးချင်းဝတ္ထုအဖြစ် ပထမဆုံးအကြိမ် ပုံနှိပ်ဖြန့်ချိခွှင့်ရခဲ့တာဖြစ်ပါတယ်။

နောက်ပိုင်းမှာလည်း ဒီထက်ပိုပြီး ဖေါ်ပြခွှင့်ရလာရင် နိုင်ငံရေး နောက်ခံပြု ဇာတ်လမ်းတွေကို ဆက်လက် ရေးသားထုတ်ဝေသွားမှာ ဖြစ်တယ်လို့ စာရေးဆရာ မျိုးကိုမျိုးက ပြောဆိုပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org