စစ်တပ် သီးစားချမှု ရပ်တန့်ဖို့ ရခိုင်မှာတင်ပြ


2016.07.26
rakhine-lands-620.jpg ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် အခစားကျေးရွာက စားကျက်မြေဧကကို တွေ့ရစဉ်
Photo: Min Thein Aung/ RFA

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် အခစားကျေးရွာအုပ်စုမှာရှိတဲ့ စားကျက်မြေဧက ၂၀၀ ကျော်မှာ ခမရ- ၃၇၄ တပ်ရင်းက သီးစားချလုပ်ပိုင်ခွင့်ပေးထားတာကို ရပ်တန့်ပေးဖို့ မြိုအမျိုးသား ဒီမိုကရေစီပါတီ က ရခိုင်ပြည်နယ်အစိုးရကို မနေ့က မေတ္တာရပ်ခံလိုက်ပါတယ်။

ဒေသခံတွေရဲ့ ကျွဲ၊ နွားတွေ စားသောက်ရေးအတွက် အခက်အခဲဖြစ်နေတယ်လို့ တင်ပြလာတဲ့ အတွက် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် အနေနဲ့ သက်ဆိုင်ရာဌာနနဲ့ ညှိနှိုင်းပြီး ရပ်တန့်ပေးစေလိုတယ်လို့ မြိုအမျိုးသား ဒီမိုကရေစီပါတီ ဥက္ကဌ ဦးဦးမြထွန်း က ပြောပါတယ်။

"ကျောက်တော်မှာရှိတဲ့ ခမရ- ၃၇၄ တပ်ရင်းဗိုလ်ကြီးတို့ သူတို့ထွန်စက်တွေနဲ့ အခစားအုပ်စုမှာရှိတဲ့ စားကျက်မြေကို ထွန်ယက်နေတယ်လို့ ရွာသူ၊ ရွာသားတွေက ကျနော်တို့ပါတီကို အကူအညီလာတောင်း တယ်၊ ဒါကြောင့် ကျနော်တို့က ပြည်နယ်ဝန်ကြီးချုပ်ကို သက်ဆိုင်ရာဌာနချုပ်နဲ့ ညှိနှိုင်းပြီးတော့ အသေး စိတ်ကြီးကြပ်ပြီးတော့ တားမြစ်ပေးပါဆိုပြီး မနေ့ကမေတ္တာရပ်ခံထားပါတယ်"

ကျောက်တော်မြို့နယ် အခစားကျေးရွာအုပ်စု အခစား၊ အုတ်ကြွပ်၊ ဝင်းဇား စတဲ့ ကျေးရွာ ၃ ရွာက ပိုင်တဲ့ စားကျက်မြေဧကပေါင်း ၂၀၀ ကျော်ကို ကျောက်တော်မြို့ အခြေစိုက် ခမရ-၃၇၄ တပ်ရင်း၊ မြို့နယ်ထွေအုပ်၊ မီးသတ်ဌာန၊ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ စတာတွေက တပ်မတော်အစိုးရလက်ထက်မှာ အသီးသီးခွဲဝေသိမ်းဆည်း ခဲ့တာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲ့ဒီစားကျက်မြေဧက ၂၀၀ ကျော်ထဲမှာ ခမရ-၃၇၄ တပ်ရင်းက ဧက ၄၀ လောက်ကို သိမ်းဆည်းထားတာဖြစ်ပြီး တခြားဌာနတွေကတော့ ကျေးရွာပိုင်မြေ အဖြစ် ပြန်လည်စွန့်လွှတ်ထားပြီးဖြစ်ပေမယ့် တပ်မတော်ကတော့ ဒီနေ့အထိ စွန့်လွှတ်တာမရှိသေးသလို လွန်ခဲ့တဲ့ ၃ နှစ်လောက်ကစပြီး ကျန်တဲ့မြေအားလုံးကိုပါ သီးစားစနစ် နဲ့ တောင်သူတွေကို ထွန်ယက်လုပ်ကိုင်ခွင့်ပြုထားတာလို့ ရွာခံတွေကပြောပါတယ်။

ဒေသခံတွေရဲ့ ကျွဲနွားတွေစားသုံးဖို့ အခက်အခဲဖြစ်ရတဲ့အတွက် စားကျက်မြေမှာ ထွန်ယက်ခြင်းမပြုဖို့ သက်ဆိုင်ရာ ဌာနအဆင့်ဆင့်ကို တင်ပြခဲ့ပေမယ့် ဆက်လက်ထွန်ယက်နေဆဲဖြစ်တာကြောင့် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ထံ မေတ္တာရပ်ခံတာဖြစ်တယ်လို့လည်း မြိုအမျိုးသားဒီမိုကရေစီပါတီ ဥက္ကဌ ဦးဦးမြထွန်း က ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။