ဧရာဝတီ မြစ်ဆုံစီမံကိန်းအရေး ပညာရှင်တွေ သမ္မတကို တင်ပြမည်
2011.09.24

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းနဲ့ ပတ်သက်ပြီး ပညာရှင်တွေ မနေ့က ဆွေးနွေးခဲ့ကြရာမှာ အများစုက စီမံကိန်းကို ရပ်တန့်ဖို့ ဆန္ဒသဘောထား ပြုကြပြီး ဒီ ရေကာတာ တည်ဆောက်ခြင်းရဲ့ အကျိုးဆက်တွေကို ဆွေးနွေးကြအပြီးမှာ အခုလို ဆုံးဖြတ်လိုက်တာ ဖြစ်ကြောင်း သစ်တော၊ သယံဇာတ ပတ်ဝန်းကျင် ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ထိန်းသိမ်းရေးအသင်း FREDA ရဲ့ ဒု-ဥက္ကဋ္ဌ ဦးအုန်းက ပြောပါတယ်။
“နိုင်ငံတော်အစိုးရက တိုင်းပြည်ရဲ့ အခြေအနေ၊ သဘာဝ ဝန်းကျင် အခြေအနေ အဲဒါတွေကို အချိန်ယူ စဉ်းစားပြီးတော့မှ ဆုံးဖြတ်ချက် ချပါ၊ ပြည်သူလူထုနဲ့ သဘာဝ ဝန်းကျင်ကို အလေးထားပါ၊ ပိုက်ဆံရဖို့ ရေအားလျှပ်စစ်ရောင်းစားဖို့၊ ရောင်းစားတော့လည်း သူများနိုင်ငံကို ရောင်းစား၊ ကိုယ့်နိုင်ငံက မီးမလင်းဘူး။ နယ်ခြားဒေသတွေမှာ ကိုယ့်နိုင်ငံကဝယ်တဲ့ လျှပ်စစ်ကို ကိုယ်က သူတို့ဆီက တဆင့်ဝယ်ရတယ်။ နှစ်ဆ ပေးပြီး ဝယ်ရတယ်။ အဲဒီလို အဖြစ်မျိုးတွေဟာ ရင်နာစရာ ကောင်းပါတယ်။ အဲဒီလို မဖြစ်အောင် စဉ်းစဉ်းစားစားနဲ့ အချိန်ယူပြီးတော့ အဆုံးအဖြတ်ပေးပါ၊ ပြည်သူ့လွှတ်တော်တို့ သမ္မတကြီးတို့ကနေပြီးတော့ ဦးနှောက်ကောင်းကောင်းနဲ့ နိုင်ငံတော်အကျိုး အရှည်ကို ကြည့်ပါ။ တနပ်စား မလုပ်ပါနဲ့၊ အဲဒီလို သဘောမျိုးနဲ့ အဘတို့က အကြံဉာဏ်ပေးဖို့ အဆုံးအဖြတ် ပေးလိုက်ပါတယ်”
ဆွေးနွေးပွဲကို သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ ပညာရှင်တွေ၊ စာနယ်ဇင်းသမားတွေ၊ နိုင်ငံရေးသမားတွေ စုစုပေါင်း ၁ ရာကျော် တက်ရောက်ခဲ့ကြကြောင်း သိရပါတယ်။
အဲဒီ ဆွေးနွေးပွဲမှာ ဆည်မြောင်းအင်ဂျင်နီယာ တချို့က ဆည်ကြောင့် ရရှိမယ့် အကျိုးကျေးဇူးတွေကို တင်ပြကြသလို သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာရှင်တွေကလည်း သဘာဝ ဇီဝမျိုးစိတ်တွေ ပျက်သုဉ်းမယ့်အရေး၊ လူမှုစီးပွားအကျိုးဆက်၊ သဘာဝ ပတ်ဝန်းကျင် ထိခိုက် ပျက်စီးစေမယ့် အရေး စတာတွေကို တင်ပြ ဆွေးနွေးကြတယ်လို့ ဆိုပါတယ်။
ဧရာဝတီ မြစ်ဆုံစီမံကိန်းဟာ မြန်မာနိုင်ငံအတွက် အကျိုးအမြတ်ထက် ဆိုးကျိုးတွေသာ ပိုမို များပြားမှာ ဖြစ်တယ်ဆိုပြီး တတ်သိပညာရှင်တွေက ထောက်ပြ ကန့်ကွက်နေကြတာ ဖြစ်ပါတယ်။