မြစ်ဆုံစီမံကိန်း အကြံပြုစာတမ်း ထုတ်ပြန်ရန် ၁ဝ ပါတီ ဆွေးနွေး
2011.09.18
ဒီ အကြံပြုစာတမ်းကို အခုရက်ပိုင်းအတွင်း ထုတ်ပြန်ဖို့ ဆုံးဖြတ်ခဲ့တယ်လို့ အစည်းအဝေး တက်ရောက်ခဲ့တဲ့ ဒီမိုကရက်တစ်ပါတီ (မြန်မာ) ရဲ့ဥက္ကဋ္ဌ ဦးသုဝေက ပြောပါတယ်။
“ဒီမိုကရက်တစ် မိတ်ဆွေတွေ နိုင်ငံရေးပါတီများ တွေ့ဆုံပြီး တိုင်းပြည်မှာ ဖြစ်ပျက်နေတဲ့ အခြေအနေလေးတွေ ဆွေးနွေးတိုင်ပင်ကြတာပေါ့။ အများက စိတ်ဝင်စားနေတဲ့ ဧရာဝတီမြစ်ဆုံ ကိစ္စနဲ့ ပတ်သက်တာ တာဝန်ပေးလိုက်ပြီးတော့ သဘက်ခါမှ ဒီစာတမ်းလေးကို ထုတ်မယ်လို့ ရည်ရွယ်ထားပါတယ်။ ကျနော်တို့ ၁ဝ ပါတီရဲ့ သဘောထား အကောင်းဆုံးကို ဝေဖန်ပြီးတဲ့အခါမှာ ပွင့်ပွင့်လင်းလင်းနဲ့ အများပြည်သူရဲ့ ဆန္ဒအတိုင်း လုပ်ဖို့၊ အဲဒါတွေကို ကျနော်တို့ အကြံပြုတိုက်တွန်းမှာပေါ့”
ဒါ့ပြင် ပြည်တွင်း ငြိမ်းချမ်းရေးနဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေး ကိစ္စတွေကို ပိုပြီး ထိထိရောက်ရောက် ဆောင်ရွက်ရေးအတွက် အကြံပြုနိုင်မယ့် ကိစ္စတွေကိုလည်း ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။
ဒီဆွေးနွေးပွဲကို မင်္ဂလာတောင်ညွန့်မြို့နယ်၊ သိမ်ဖြူလမ်းမှာ ဖွင့်လှစ်ထားတဲ့ ဒီမိုကရက်တစ်ပါတီ (မြန်မာ) ရဲ့ ပါတီရုံးချုပ်မှာ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။
ဒီမိုကရက်တစ် မိတ်ဆွေပါတီများ အဖွဲ့ဟာ အမျိုးသား ဒီမိုကရေစီအင်အားစု၊ ဒီမိုကရက်တစ်ပါတီမြန်မာ၊ ပြည်ထောင်စု ဒီမိုကရေစီပါတီ၊ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီ၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ စတဲ့ ၂ဝ၁ဝ ခုနှစ် ရွေးကောက်ပွဲ ဝင်ခဲ့ကြတဲ့ နိုင်ငံရေးပါတီ ၁ဝ ခုနဲ့ ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။