မြစ်ဆုံစီမံကိန်းကို ဒေသခံတွေ ကန့်ကွက်ဆန္ဒပြ


2018.01.05
myitsone-protest-622.jpg မြစ်ကြီးနားမြို့ Palm Spring Resort ဟိုတယ်ရှေ့မှာ ၂၀၁၈ ခုနှစ် ဇန်နဝါရီလ ၅ ရက်နေ့က မြစ်ဆုံရေကာတာစီမံကိန်းကို ကန့်ကွက်ကြောင်း ဒေသခံတွေ ဆန္ဒထုတ်ဖော်နေကြစဉ်
Photo: Kyaw Myo Min/RFA

အပြည်ပြည်ဆိုင်ရာ ဘဏ္ဍာရေး ကော်ပိုရေးရှင်း IFC က ဦးဆောင်ပြီး မြန်မာနိုင်ငံရဲ့ ရေအားလျှပ်စစ်ကဏ္ဍအတွက် မဟာဗျူဟာမြောက် ပတ်ဝန်းကျင်ဆိုင်ရာဆန်းစစ်ချက် SEA နဲ့ ပတ်သက်တဲ့ အလုပ်ရုံဆွေးနွေးပွဲကို မြစ်ကြီးနားမြို့ Palm Spring Resort Hotel မှာ ဒီကနေ့ ပြုလုပ်နေချိန်မှာ  မြစ်ဆုံဒေသခံအချို့က မြစ်ဆုံစီမံကိန်းကို ကန့်ကွက်ကြောင်း အဲဒီဟိုတယ်ရှေ့မှာ ဆန္ဒပြကြပါတယ်။

ဧရာဝတီမြစ်ဆုံရေကာတာစီမံကိန်းကို ကန့်ကွက်တဲ့ ဘယ်အစိုးရကိုမဆို ထောက်ခံဖို့ အဆင်သင့်ရှိကြောင်း ဆန္ဒပြရာမှာ ပါဝင်သူတစ်ဦးဖြစ်တဲ့ မြစ်ဆုံစီမံကိန်းကြောင့် မလိယန်ကျေးရွာမှာ ရွှေ့ပြောင်းနေထိုင်နေရတဲ့ ဦးမုန်ရာ က ပြောပါတယ်။

"ဒီရေကာတာကိစ္စနဲ့ ပတ်သက်ပြီး ကန့်ကွက်တဲ့ ဘယ်အစိုးရကိုမဆို ကျနော်တို့ ထောက်ခံဖို့ အဆင့်သင့်ပဲ။ ပြည်သူလူထုအားလုံးက ဒီစီမံကိန်းကို လုံးဝပိတ်ဆို့နိုင်တဲ့အထိ အားလုံး စည်းစည်းလုံးလုံး နဲ့ ပါဝင်သွားဖို့အတွက် ကျနော်တို့က မြန်မာတပြည်လုံးကို မှာချင်တယ်။ နောက် ပြန်လာမယ့် အစိုးရ ကလည်း ဒီမြစ်ဆုံရေကာတာကို ပိုင်ပိုင်နိုင်နိုင် ကျနော်တို့ဘက်ရပ်တည်ပြီးမှ လုပ်သွားတဲ့အစိုးရပေါ် လာပါစေ။ ဒီလိုပဲ အမြဲတမ်းဆုတောင်းတယ်။ NLD အစိုးရကိုလည်း အဲဒီလိုပဲ မှာချင်တာပေါ့"

ဆန္ဒပြခေါင်းဆောင် မြစ်ဆုံဒေသခံ ကိုယ်စားလှယ်တချို့ကို ဖိတ်ခေါ်ခဲ့ပြီး ဒီအလုပ်ရုံဆွေးနွေးပွဲဟာ မြစ်ဆုံစီမံကိန်း အပါအဝင် ဘယ်ရေအားလျှပ်စစ်စီမံကိန်းကိုမဆို အကောင်အထည်ဖော်ဖို့ အားပေးခြင်းမဟုတ်ကြောင်းကို အဲဒီအလုပ်ရုံဆွေးနွေးပွဲကို ဦးဆောင်သူတွေက ရှင်းပြဆွေးနွေးခဲ့ပါတယ။်

ဒါ့အပြင် ရေအားလျှပ်စစ်ကဏ္ဍမှာ ကြုံတွေ့ရနိုင်တဲ့ သဘာပတ်ဝန်းကျင်နဲ့ လူမှုစီးပွာအပေါ် သက်ရောက်လာမယ့် အခြေအနေ အဆိုးအေကာင်းတွေကိုသိရှိပြီး အစိုးရက မှန်ကန်တဲ့ မူဝါဒကောင်းတွေ ချမှတ်နိုင်ဖို့ သုတေသနပြု လုပ်ခြင်းသာဖြစ်ကြောင်းလည်း  ပြောပါတယ်။

အရင်နှစ်က အခုလို ဆွေးနွေးပွဲပြုလုပ်ချိန်မှာလည်း မြစ်ဆုံဒေသခံတွေနဲ့ မြစ်ဆုံအရေး တက်ကြွသူတွေက ဆန္ဒပြုခဲ့ဖူးပြီး၊ ဒီကနေ့မှာ လူ အယောက် ၃၀ ကျော် ဆန္ဒထုတ်ဖော်ခဲ့ကြတာဖြစ်ပါတယ်။

ဧရာဝတီမြစ်ဆုံစီမံကိန်းကို နိုင်ငံတော်သမ္မတ ဦးသိန်းစိန်အစိုးရက သူ့ရဲ့အစိုးရသက်တမ်းကာလအတွင်း ဆိုင်းငံ့ခဲ့ပြီး၊ အခုလက်ရှိ အစိုးရလက်ထက်မှာ ၂၀၁၆ ခုနှစ် သြဂုတ်လ ၁၂ ကအဖွဲ့ဝင် ၂၀ ပါတဲ့ ဧရာဝတီမြစ်ဆုံ၊ မြစ်ညှာ၊ မြစ်ဝှမ်း ရေအားလျှပ်စစ်စီမံကိန်းများ လေ့လာ၊ စိစစ်၊ သုံးသပ်ရေးကော်မရှင်ကို ဖွဲ့စည်းပြီး  မြစ်ဆုံဒေသကိုတကြိမ် ကွင်းဆင်းလေ့လာခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။