နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ တရုတ်ခရီးစဉ်အတွင်း မြစ်ဆုံစီမံကိန်းကိစ္စကို တရုတ်နိုင်ငံ ခေါင်းဆောင်တွေနဲ့ ဆွေးနွေးခဲ့တာမရှိကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံး ပြောရေးဆိုခွင့်ရှိသူက ဒီနေ့ ပြောပါတယ်။
တရုတ်ခရီးစဉ်အတွင်း ခေတ်သစ်ပိုးလမ်းမစီမံကိန်း၊ နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေးကိစ္စ၊ ပြည်တွင်းငြိမ်းချမ်းရေးကိစ္စ၊ ဆန်တင်ပို့ရေးကိစ္စနဲ့ တရုတ်-မြန်မာဆက်ဆံရေး နှစ် ၇ဝ ပြည့်ကိစ္စတွေကိုသာ ဆွေးနွေးခဲ့တာဖြစ်ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောပါတယ်။
ဒီနေ့ နေပြည်တော်က NRPC မှာ ကျင်းပတဲ့ ဆွေးနွေးပွဲတစ်ခုမှာ သတင်းထောက်တွေရဲ့ မြစ်ဆုံအရေးမေးမြန်းချက်ကို အဲဒီလို ဖြေကြားခဲ့တာပါ။ မြစ်ဆုံစီမံကိန်းကိစ္စကို အစိုးရအနေနဲ့ အလေးအနက်ထားစဉ်းစားသုံးသပ်နေပြီး ဖြေရှင်းဆောင်ရွက်သွားမယ့် ပုံစံတွေကို ပြည်သူတွေကို ပွင့်ပွင့်လင်းလင်းချပြသွားမယ်လို့လည်း ဦးဇော်ဌေးက ပြောပါတယ်။
ပြည်သူတွေကို ချမပြဘဲ မြန်မာနဲ့ တရုတ်အစိုးရ နှစ်ဘက်ခေါင်းဆောင်တွေ လက်မှတ်ရေးထိုးလိုက်တာမျိုး လုပ်ဆောင်သွားမှာ မဟုတ်ကြောင်းနဲ့ မြစ်ဆုံစီမံကိန်းနဲ့ ပတ်သက်တဲ့ ဆုံးဖြတ်ချက်ကို ဘယ်ချိန်မှာ ပြည်သူတွေကို ချပြသွားမယ်ဆိုတာကိုတော့ မသိရသေးကြောင်းလည်း ပြောပါတယ်။
တရုတ်နိုင်ငံမှာ ကျင်းပနေတဲ့ ခေတ်သစ်ပိုးလမ်းမစီမံကိန်းဆွေးနွေးပွဲ ခရီးစဉ်အတွင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ မြစ်ဆုံစီမံကိန်း ပြန်လည်စတင်ဖို့အတွက် စာချုပ်ချုပ်ဆိုလိုက်မှာကို စိုးရိမ်မှုတွေရှိနေတာဖြစ်ပါတယ်။
ဒါကြောင့် ဘာသာရေးခေါင်းဆောင်တွေ၊ သဘာဝပတ်ဝန်းကျင်အရေး လှုပ်ရှားနေသူတွေက ဦးဆောင်ပြီး မြစ်ဆုံစီမံကန်း အပြီးတိုင်ဖျက်သိမ်းရေးကို ဒီလပိုင်းတွေအတွင်းမှာ တောင်းဆိုတဲ့လှုပ်ရှားမှုတွေ လုပ်ဆောင်နေတာဖြစ်ကြောင်း မြစ်ဆုံစီမံကိန်းဖျက်သိမ်းရေး နိုင်ငံလုံးဆိုင်ရာကွန်ရက်အဖွဲ့ဝင်တွေက ပြောပါတယ်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကတော့ မြစ်ဆုံစီမံကိန်းကို စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေးနဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ရှုထောင့်တွေကနေ ကြည့်ရှုဆုံးဖြတ်သွားမယ်လို့ ပဲခူးတိုင်းဒေသကြီး ပြည်မြို့က ဒေသခံတွေကို မတ်လဆန်းပိုင်းက တွေ့ဆုံရာမှာ ပြောကြားခဲ့ပါတယ်။
ဒီသတင်းကို RFA သတင်းထောက် ကိုဝင်းကိုကိုလတ်နဲ့ ကိုကျော်ထွန်းနိုင်တို့ ပေးပို့လိုက်တာပါ။
တရုတ်ခရီးစဉ်အတွင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် မြစ်ဆုံကိစ္စဆွေးနွေးခြင်းမရှိ
