မြစ်ကြီးနား ပူတာအိုလမ်း ပြင်ဆင်ရေး ကျပ်သန်း နှစ်သောင်း သုံးမယ်


2016.07.28
kachin-parliament-620.jpg ကချင်ပြည်နယ် လွှတ်တော်အစည်းအဝေးကို ၂ဝ၁၆ ခုနှစ် ဇူလိုင်လ ၂၈ ရက်နေ့က တွေ့ရစဉ်
Photo: Kyaw Myo Min/RFA

ကချင်ပြည်နယ်က မြစ်ကြီးနား-ဆွမ်ပရာဘွမ်-ပူတာအို လမ်းကို ကျပ်သန်းပေါင်း နှစ်သောင်းဝန်းကျင် အကုန်ကျခံ သုံးစွဲပြီး ပြင်ဆင်ဖောက်လုပ်သွားမယ်လို့ ပြည်နယ် လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်နဲ့ စက်မှုလက်မှုဝန်ကြီး ဦးဝင်းညွှန့် က ပြောလိုက်ပါတယ်။

ဆွမ်ပရာဘွမ်မြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဂျေထုရော် တင်သွင်းတဲ့ မြစ်ကြီးနား-ဆွမ်ပရာဘွမ်-ပူတာအိုလမ်း အမြန်ဆုံး ပြင်ဆင်ရေးဆောင်ရွက်ပေးဖို့ အစိုးရကို တိုက်တွန်းကြောင်းအဆိုကို ဒီကနေ့ ပြည်နယ် လွှတ်တော်မှာ ဆွေးနွေးကြတဲ့အခါ ဝန်ကြီး ဦးဝင်းညွှန့် က ထည့်သွင်းပြောခဲ့တာဖြစ်ပါတယ်။

"အခုအစိုးရက ပျက်စီးနေတဲ့လမ်းတွေကို မိုးနည်းသွားတာနဲ့ ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင် ဆောင်ရွက် သွားမှာဖြစ်ပါတယ်၊ ဒါကြောင့် ၂ဝ၁၆-၁၇ ဘဏ္ဍာရေးနှစ်အတွင်း ပြည်ထောင်စုနဲ့ ပြည်နယ်ရန်ပုံငွေ စုစုပေါင်း ၁၉၁၃ဝ.၁ သန်းဖြင့် ကုန်ကျခံဆောင်ရွက်သွားမှာဖြစ်တဲ့အတွက် ဘဏ္ဍာရေးနှစ်ကုန်ဆုံးချိန်မှာဆိုရင် မြစ်ကြီးနား-ဆွမ်ပရာဘွမ်-ပူတာအိုလမ်းဟာ ရာသီမရွေးသွားနိုင်တဲ့ ကွန်ကရစ်လမ်း ကတ္တရာလမ်းနဲ့ အမာခံကျောက် ခင်းလမ်းအဖြစ် တွေ့မြင်ရတော့မှာဖြစ်တဲ့အတွက် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ကြီး တင်သွင်းတဲ့အဆိုဟာ မှတ်တမ်းတင်ထားသင့်ပါကြောင်း ရှင်းလင်းဖြေကြားအပ်ပါတယ်"

မြစ်ကြီးနားနဲ့ ပူတာအိုခရိုင်ကို ဆက်သွယ်ထားပြီး ၂၁၈ မိုင်ရှည်လျားတဲ့ အဲ့ဒီလမ်းမကို အိန္ဒိယနိုင်ငံ ရဲ့ ချေးငွေ ဒေါ်လာ သန်းတစ်ရာ့နှစ်ဆယ်နဲ့ ဖောက်လုပ်ဖို့ အရင်အစိုးရလထက်က သဘောတူထားတယ်လို့ သိရပါတယ်။

ဒါပေမဲ့ အိန္ဒိယချေးငွေဟာ လောလောဆယ်မှာ ပြည်နယ်အစိုးရလက်ထဲ မရောက်ရှိသေးတဲ့အတွက် အမှန်တကယ်ရရှိလာရင် ညှိနှိုင်းသုံးစွဲသွားမှာဖြစ်တယ်လို့ ပြည်နယ်ဝန်ကြီး ဦးဝင်းညွှန့် က ရှင်းပြပါတယ်။

မြစ်ကြီးနား-ဆွမ်ပရာဘွမ်-ပူတာအို ကားလမ်းပြုပြင်ဖောက်လုပ်ရေးအတွက် အစိုးရကလည်း စီစဉ်ထားပြီးဖြစ် တာကြောင့် အဲ့ဒီအဆိုကို လွှတ်တော်မှာ မှတ်တမ်းတင်ဖို့ သဘောတူခဲ့ပါတယ်။

ဒီကနေ့ပြုလုပ်တဲ့ လွှတ်တော်အစည်းအဝေးမှာ လုံခြုံရေးနဲ့ နယ်စပ်ရေးရာဌာနနဲ့ သက်ဆိုင်တဲ့ မေးခွန်းအပြင် လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်နဲ့ စည်ပင်သာယာရေးကဏ္ဍနဲ့ ပတ်သက်တဲ့ ကြယ်ပွင့်ပြ မေးခွန်း ၁ဝ ခုကိုလည်း လွှတ်တော်ကိုယ်စားလှယ်တွေက မေးမြန်းဆွေးနွေးခဲ့ကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။