မြစ်ကြီးနားဗုံးကွဲမှု ပြည်သူသုံးဦး ဒဏ်ရာရ

ကချင်ပြည်နယ် မြစ်ကြီးနားမြို့က စည်ပင်သာယာစျေး (၂) ကို ၂၀၂၂  ဖေဖော်ဝါရီ ၂၂ ရက်နေ့က တွေ့ရစဉ်
ကချင်ပြည်နယ် မြစ်ကြီးနားမြို့က စည်ပင်သာယာစျေး (၂) ကို ၂၀၂၂ ဖေဖော်ဝါရီ ၂၂ ရက်နေ့က တွေ့ရစဉ် (Photo: RFA)

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ စံပြလမ်းမပေါ် ဒူကထောင်ရပ်ကွက်မှာ ဖေဖော်ဝါရီ ၁၄ ရက် မနေ့ည ၇ နာရီ လောက်က ဗုံးတစ်လုံး ပေါက်ကွဲခဲ့လို့ ဒေသခံပြည်သူသုံးဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သူတို့ သုံးယောက်စလုံးကို မြစ်ကြီးနားဆေးရုံကြီးဆီ ပို့ပေးလိုက်ပြီး နှစ်ယောက်က ဒဏ်ရာပြင်းထန်တယ်လို့ ဒဏ်ရာရသူတွေကို ကူညီပေးခဲ့တဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“ဦးအင်ထောင်ဇော်ရာက အရေးပေါ်မှာ ထည့်ထားတယ်။ မနေ့ည ဓာတ်မှန်ရိုက် ကြည့်တော့ ဗိုက်ထဲမှာ ကျောက်ခဲ ဆိုလား ဗုံးစဆိုလား တစ်ခုရှိနေတယ် ပြောတယ်။ ဒီနေ့ ခွဲစိတ်ခန်း ဝင်ရမယ်ပြောတယ်။ မိန်းကလေးလည်း ဗိုက်မှာထိတာ သူတို့ နှစ်ယောက် ဒဏ်ရာ ပြင်းထန်တယ်။ မနေ့ည အန်ရင်တောင် သွေးပါတယ်”

အသက် ၂၃ နှစ်အရွယ် မယိန်းထန်နဲ့ အသက် (၆၀) ကျော်အရွယ် ဦးအင်ထောင်ဇော်ရာ တို့နှစ်ယောက် ဝမ်းဗိုက်မှာ ထိခိုက်မိပြီး အသက် (၆၀) အရွယ် နောက်ထပ် အမျိုးသား တစ်ဦး ဦးအင်ဆူတန်ကတော့ ခြေထောက်နဲ့ တင်ပါးမှာ ဒဏ်ရာရခဲ့တယ်လို့လည်း ဆိုပါတယ်။

ဘယ်အဖွဲ့အစည်းရဲ့ လက်ချက်လည်းဆိုတာ မသိရသေးသလို အဲဒီ ဗုံးပေါက်တဲ့ နေရာအနီးမှာ CCTV တပ်ထားပေမယ့် ဗုံးပေါက်ကွဲပြီးနောက်ပိုင်းမှာ CCTV က တိုင်ပျက်နေတာကို တွေ့ရတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။