မြစ်ကြီးနားမြို့တွင် ဗုံးနှစ်လုံး ဆက်တိုက်ပေါက်ကွဲ

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ အေဒင်ရပ်ကွက် ရွှေလမ်းမကြီးပေါ်မှာ ဒီကနေ့မနက် ၆ နာရီ ခွဲလောက်က ဗုံး နှစ်လုံး ဆက်တိုက်ပေါက်ကွဲခဲ့ကြောင်း သိရှိရပါတယ်။

ပထမ ဗုံးတစ်လုံးပေါက်ကွဲခဲ့ပြီး မိနစ် ၄၀ လောက်အကြာမှာ နောက်ထပ်တစ်လုံး ထပ်မံကွဲခဲ့တာ ဖြစ်ပါတယ်။ အခုလို ဗုံးပေါက်ကွဲခဲ့တာကို ကြားသိခဲ့ကြောင်း မြစ်ကြီးနား မြို့ခံတစ်ဦးက အာအက်ဖ်အေကို အခုလို ပြောပြပါတယ်။

"အဲဒီမနက် ၆ နာရီလောက်မှာတဲ့ အေဒင်နဲ့ ရွှေလမ်းမကြီးပေါ်မှာ ဗုံးနှစ်လုံး ကွဲတယ်လို့ ပြောတယ်ခင်ဗျ။ ထိခိုက်ဒဏ်ရာရတာတော့ မကြားမိဘူးခင်ဗျ။ အခုတလောကတော့ဗျာ ည ၈ နာရီလောက်ဆိုရင်တော့ လူသွားလူလာ နည်းတာပေါ့။ မြို့မှာ။"

ဗုံးပေါက်ကွဲမှုကြောင့် ရဲ နှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပြည်တွင်းထုတ် စာစောင်တွေကို ကိုးကားပြီး ဆင်ဝှာတရုတ်သတင်းဌာနက ဖော်ပြထားပါတယ်။

ဗုံးပေါက်ကွဲမှုဟာ ဘယ်သူဘယ်ဝါတွေရဲ့ လက်ချက်ဖြစ်တယ်ဆိုတာ မသိရသေးဘဲ သက်ဆိုင်ရာ လုံခြုံရေးတာဝန်ရှိသူတွေက ဆက်လက်စုံစမ်းဆဲ ဖြစ်ကြောင်း သိရပါတယ်။ ပြီးခဲ့တဲ့ ဧပြီလ ၂၉ ရက်နေ့ကလည်း မန္တလေး၊ မြစ်ကြီးနား မီးရထား ဗုံးခွဲတိုက်ခိုက်ခံခဲ့ရပြီး လူနှစ်ဦးဒဏ်ရာ ရရှိခဲ့ပါတယ်။