မြင်းမူမြို့နယ် တောချောင်းဦး ရဲစခန်း စီးနင်းခံရ၊ ရဲ ခုနစ်ဦး သေဆုံး

RFA Burmese
2022.11.30
မြင်းမူမြို့နယ် တောချောင်းဦး ရဲစခန်း စီးနင်းခံရ၊ ရဲ ခုနစ်ဦး သေဆုံး မြင်းမူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များကို တွေ့ရစဉ်။
ဇီးရိုးပြောက်ကျားတပ်ဖွဲ့၊ တပ်ရင်း - ၇

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်ထဲက တောချောင်းဦးကျေးရွာ အုပ်စုထဲမှာရှိတဲ့ တောချောင်းဦး ရဲစခန်းကို ဒေသ ကာကွယ်ရေးတပ်ဖွဲ့တွေက နိုဝင်ဘာလ ၃၀ ရက် ဒီနေ့ မနက်ပိုင်းမှာ ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ပြီးနောက် ရဲ ခုနစ်ဦး သေဆုံးခဲ့တယ်လို့ မြင်းမူဒေသခံတွေက RFA ကို ပြောပါတယ်။

ရဲတပ်ဖွဲ့အင်အား ၃၀ လောက်ရှိတဲ့ တောချောင်းဦး ရဲစခန်းကို တစ်နာရီကျော်အကြာ စီးနင်းတိုက်ခိုက်ခဲ့တာလို့ ဒေသကာကွယ်ရေးတပ်ဖွဲ့တစ်ခုဖြစ်တဲ့ မြင်းခြံခရိုင်၊ ဇီးရိုးပြောက်ကျားတပ်ဖွဲ့၊ တပ်ရင်း - ၇ တာဝန်ခံက RFA ကို ပြောပါတယ်။

“မနက်တုန်းက တောချောင်းဦးစခန်းကို သွားတိုက်တာ။ ခုနစ်ဦး သေတယ်။ နှစ်ဦးကတော့ မျက်မြင်တွေ့ခဲ့ ရပါတယ်။ ကျ နော်တို့ ထပ်ရတဲ့ သတင်းအရ ခုနစ်ဦးဆိုတာ အတည်ပြုနိုင်ပါတယ်။ နှစ်ဖက်တိုက်ပွဲ ရင်ဆိုင်နေရချိန်မှာ သူတို့ဘက်က ပြန်မပစ်နိုင်တဲ့ အနေအထား ရှိခဲ့တယ်။ အရင်တုန်းကလည်း အဲဒီစခန်းကို ဒရုန်းနဲ့ သုံးကြိမ်ချခဲ့တာ ရှိတယ်”

တောချောင်းဦး ရဲစခန်းစီးနင်းတိုက်ခိုက်ပြီး စခန်းသိမ်းကာနီးမှာ စစ်ကောင်စီလေတပ်က တိုက်ခိုက်ရေး ရဟတ်ယာဉ် နှစ်စင်းနဲ့ ၄၅ မိနစ်ကြာ လာရောက်ပစ်ခတ်ခဲ့ပေမယ့် ဒေသကာကွယ်တပ်ဖွဲ့တွေ ထိခိုက်မှု မရှိခဲ့ဘူးလို့ သူက ပြောပါတယ်။

ဒီနေ့ စီးနင်းတိုက်ခိုက်မှုမှာ ဇီးရိုးပြောက်ကျားတပ်ဖွဲ့၊ တပ်ရင်း - ၇ အပါအဝင် ဒေသကာကွယ်ရေးတပ်ဖွဲ့ လေးဖွဲ့က ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့လည်း ဆိုပါတယ်။

တောချောင်းဦး ရဲစခန်း စီးနင်းတိုက်ခိုက်မှုမှာ ရဲ ခုနစ်ဦး သေဆုံးတာနဲ့ပတ်သက်လို့ RFA အနေနဲ့ သီးခြားအတည် မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း သတင်း တစ်စုံတစ်ရာ ထုတ်ပြန်ထားတာ မရှိသေးပါဘူး။

ဒီကိစ္စနဲ့ ပတ်သက်လို့ စစ်ကောင်စီ ပြောခွင့်ရ စစ်ကိုင်းတိုင်း၊ လူမှုရေးရာဝန်ကြီး ဦးအေးလှိုင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် မရရှိသေးပါဘူး။

 

 

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။