မြင်းခြံမြို့နယ်၊ မြောက်ကျွန်းရွာအခြေစိုက် စစ်ကောင်စီယာယီတပ်စခန်း တိုက်ခိုက်ခံရ

- Myingyan Ranger အဖွဲ့ လူမှုကွန်ရက်စာမျက်နှာတွင် ဖော်ပြထားသည့် အောက်တိုဘာလ ၁ ရက်နေ့ မြောက်ကျွန်းရွာတိုက်ပွဲအပြီး သိမ်းဆည်းရမိခဲ့သည့် စစ်အသုံးအဆောင်ပစ္စည်းတချို့။
- Myingyan Ranger အဖွဲ့ လူမှုကွန်ရက်စာမျက်နှာတွင် ဖော်ပြထားသည့် အောက်တိုဘာလ ၁ ရက်နေ့ မြောက်ကျွန်းရွာတိုက်ပွဲအပြီး သိမ်းဆည်းရမိခဲ့သည့် စစ်အသုံးအဆောင်ပစ္စည်းတချို့။ (Photo: Myingyan Ranger)

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ မြောက်ကျွန်းရွာက စစ်ကောင်စီယာယီတပ်စခန်းကို ပြီးခဲ့တဲ့ အောက်တိုဘာလ ၁ရက်နေ့က PDF တပ်ပေါင်းစုက ဝင်ရောက်တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်သား ခြောက်ဦး သေဆုံးသွားတယ်လို့ Black Wolf-People Defense Force အဖွဲ့က အောက်တိုဘာလ၂ ရက်နေ့က သတင်းထုတ်ပြန်ထားပါတယ်။

အဲဒီ စစ်ကောင်စီ ယာယီအခြေစိုက်စခန်းဟာ စစ်ကောင်စီတပ်သား အင်အား ၂ဝ ကျော်နဲ့ သူတို့မိသားစုဝင်တွေ နေထိုင်ကြတယ်လို့ မြောက်ကျွန်းရွာက အမည်မဖော်လိုသူ ဒေသခံတစ်ဦးက ပြောပါတယ်။

"မနက်အရုဏ်တက်ချိန်ကြီး ပစ်ခတ်ကြတာ၊ နာရီဝက် မိနစ်လေးဆယ်လောက်ပဲ ကြာပါတယ်။ ထွက်ပြေးတဲ့ စစ်သားတွေလည်း ရှိတယ်။ စစ်ဗိုလ်တစ်ဦးနဲ့ တခြားအဆင့် စစ်ကောင်စီတပ်သားငါးဦး သေတယ်လို့ သိထားပါတယ်"

စစ်ကောင်စီစစ်ဗိုလ်နဲ့ တပ်သားကျဆုံးတပ်သားတွေနဲ့ ပတ်သက်ပြီး RFA အနေနဲ့သီးခြားအတည်ပြုနိုင် ခြင်းမရှိပါဘူး။ အဲဒီစခန်းမှာ တာဝန်ကျတဲ့ စစ်ကောင်စီတပ်သားအများစုဟာ တပ်မ ၈၈ က ဖြစ်သလို မြောက်ကျွန်းရွာထဲက ဒေသခံငါးဦးကို စခန်းမှာ ဖမ်းဆီးစစ်ဆေးတာတွေ လုပ်နေတယ်လို့ ဆိုပါတယ်။

မြောက်ကျွန်းရွာ ယာယီတပ်စခန်းတိုက်ခိုက်ခံရတာနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်ကတော့ သတင်းထုတ်ပြန်တာမျိုး မရှိသေးပါဘူး။

PDF တပ်ပေါင်းစုမှာ အဖွဲ့ဝင် ကိုးဖွဲ့ထိပါဝင်ပြီး၊ ယာယီစခန်းထဲမှာ ကျန်နေခဲ့တဲ့ အမျိုးသမီးနဲ့ ကလေးငယ်တစ်ဦးကိုတော့ PDF တပ်ပေါင်းစုက ပြန်လွှတ်ပေးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။