မြင်းခြံမြို့နယ်က PDF စခန်းတွေ စီးနင်းတိုက်ခိုက်ခံရ
2024.09.28

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ် ချေဆေးရွာအနီးမှာရှိတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တွေရဲ့ တပ်စခန်းတွေ စက်တင်ဘာလ ၂၇ ရက်နေ့က စီးနင်းတိုက်ခိုက်ခံရပြီး နှစ်ဖက် တိုက်ပွဲပြင်းထန်ခဲ့တယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက RFA ကို ပြောပါတယ်။
မနက် ၅ နာရီခန့်မှာ အင်အား ၁၂၀ ကျော်ပါတဲ့ စစ်ကောင်စီတပ်နဲ့ ပျူစောထီး ပူးပေါင်းအဖွဲ့တွေက မြင်းခြံမြို့ပေါ်ကနေ ချေဆေးရွာအနီးမှာ အခြေပြုတဲ့ Myingyan Black Tiger (MBT) တပ်ဖွဲ့၊ စစ်ကြောင်း (၃) တပ်စခန်းတွေကို စစ်ကြောင်းထိုး တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
အဲဒီနောက် ကာကွယ်ရေးပူးပေါင်းတပ်တွေရဲ့ တန်ပြန်တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်က သေဆုံးသူ များပြားခဲ့ပြီး လေကြောင်းပစ်ကူတာတွေလည်း လုပ်ခဲ့တယ်လို့ Myingyan Black Tiger (MBT) တပ်ဖွဲ့ ခေါင်းဆောင် ကိုမိုက်ခဲက RFA ကို ပြောပါတယ်။
“ချေဆေးချောင်းထဲမှာ သူတို့(စစ်ကောင်စီတပ်)ပိတ်မိသွားတာ။ အဲဒီမှာ အမြစ်ပြတ်ဆိုပြီး ကျွန်တော်တို့ဘက်က တိုက်ခိုက်နေတဲ့အချိန် ဒရုန်း ငါးစင်း၊ ဂျက်ဖိုက်တာ နှစ်စင်းနဲ့ လာပစ်သွားတယ်။ သူတို့ တက်လာမလားလို့ ပြန်ဆုတ်ပေးလိုက်တယ်။ တက်လာခြင်းမရှိဘဲ ပြန်ဆုတ်ခွာသွားတယ်။ မနေ့က သိရသလောက်ကတော့ သူတို့ဘက်က သေဆုံးတာ ၁၈ ယောက်ပေါ့။ ဒီကနေ့ အစောပိုင်းက ထပ်သိရသလောက်ဆိုရင် သေဆုံးတာ ၂၈ ယောက်အထိ ရှိသွားပြီပေါ့”
စစ်တပ်ထောက်ခံရေးသားတဲ့ တယ်လီဂရမ်ချန်နယ်တွေမှာတော့ ချေဆေးရွာအနီး တိုက်ပွဲမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် (PDF) နှစ်ဦး သေဆုံးတယ်လို့ ဓာတ်ပုံတွေနဲ့တကွ ဖော်ပြပါတယ်။
ဒါပေမဲ့ တိုက်ပွဲအတွင်းမှာ ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေဘက်က ထိခိုက်သေဆုံးတာ မရှိခဲ့သလို အဲဒီ ရုပ်အလောင်း နှစ်လောင်းဟာလည်း ပြည်သူတွေ ဖြစ်တယ်လို့ ကိုမိုက်ခဲက ပြောပါတယ်။
ဒီကိစ္စနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ မန္တလေးတိုင်းပြောခွင့်ရသူ တိုင်းစီးပွားရေးဝန်ကြီး ဦးသိန်းဌေးကို RFA က ဒီကနေ့ တယ်လီဖုန်းနဲ့ ဆက်သွယ်ပေမဲ့ လက်ခံဖြေကြားတာ မရှိပါဘူး။
သြဂုတ်လ ၁၀ ရက်နေ့ကစလို့ "မြင်းခြံခရိုင်အထူးစစ်ဆင်ရေး" အဖြစ်ဖော်ဆောင်ပြီး မြင်းခြံ၊ တောင်သာ၊ နွားထိုးကြီးမြို့နယ်တွေက စစ်ကောင်စီရဲ့ တပ်စခန်းတွေကို ကာကွယ်ရေးပူးပေါင်းတပ်တွေက ထိုးစစ်ဆင် တိုက်ခိုက်နေချိန် စစ်ကောင်စီတပ်ကလည်း လေကြောင်းကန ရပ်ရွာတွေထဲကို ဗုံးကြဲတိုက်ခိုက်တာတွေ ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စက်တင်ဘာလ ၂၂ ရက်နေ့လည်း ချေဆေးရွာကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ အမျိုးသမီး တစ်ဦး သေဆုံးပြီး ကိုယ်ဝန်ဆောင်တစ်ဦး အပါအဝင် နောက်ထပ် အမျိုးသမီး လေးဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။