မြင်းခြံမြို့နယ် ဆုံရွာတိုက်ပွဲ လူသုံးဆယ်ကျော်သေဆုံးမှု အပြန်အလှန်စွပ်စွဲ
2024.05.09
မန္တလေးတိုင်း မြင်းခြံမြို့နယ် ဆုံရွာကို မေလ ၉ ရက်နေ့ မနက်ပိုင်းမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တပ်ဖွဲ့တွေ ဝင်ရောက်ပစ်ခတ်လို့ ဒေသခံ ၃၂ ဦးသေဆုံးတယ်လို့ စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ မြန်မာ့အသံနဲ့ ရုပ်မြင်သံကြား (MRTV) က ထုတ်ပြန်ခဲ့ပြီး PDF အဖွဲ့တွေကတော့ သေဆုံးသူတွေဟာ နှစ်ဖက်တိုက်ပွဲကြောင့် ဖြစ်တယ်လို့ တုံ့ပြန်ပါတယ်။
ဆုံရွာမှာရှိတဲ့ ပျူစောထီးစခန်းကို ကာကွယ်ရေးတပ်ဖွဲ့တွေ ဒီနေ့မနက်က ဝင်ရောက်တိုက်ခိုက်ရာမှာ မနက် ၅နာရီကနေ ၈ နာရီအထိ သုံးနာရီကြာ တိုက်ပွဲဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ ဒီတိုက်ခိုက်မှုမှာ ဆုံရွာက ဒေသခံ အမျိုးသား ၁၇ ဦးနဲ့ အမျိုးသမီး ၁၅ ဦး သေဆုံးခဲ့ပြီး နောက်ထပ် ၁၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ စစ်ကောင်စီက ကြေညာခဲ့ပါတယ်။
ဒီတိုက်ပွဲမှာ ပါဝင်တိုက်ခိုက်ခဲ့တဲ့ မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနဲ့ လုံခြုံရေးအဖွဲ့ CDSOM ရဲ့ တာဝန်ရှိသူ ကိုနွေဦးကတော့ သေဆုံးသူတွေဟာ နှစ်ဖက်တိုက်ပွဲအတွင်း အပြန်အလှန်ပစ်ခတ်ရင်း သေဆုံးခဲ့တာ ဖြစ်တယ်လို့ RFA ကို ပြောပါတယ်။
"သူတို့က ပြန်ပြီးတော့ တုံ့ပြန်တာပေါ့နော်။ လုံးဝကို မလွတ်တဲ့ အဆုံးကျမှ သူတို့လည်း သေရတာဗျ။ ဟိုလိုမျိုး အပြစ်မရှိတဲ့ ပြည်သူတွေပုံစံမျိုးနဲ့ အသတ်ခံရတာ မဟုတ်ဘူး။ အပြန်အလှန် ပစ်ခတ်နေတဲ့အချိန်မှာ သူတို့ကလည်း ပြန်ပစ်နေတာဆိုတော့ သူတို့ပစ်တဲ့ကျည်ကြောင့်လည်း သေနိုင်တာပဲ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဘက်ကလည်း ရွာထဲကို ပစ်ထည့်နေတာပဲ"
တိုက်ပွဲဖြစ်ပွားနေချိန် ဆုံရွာနဲ့ နှစ်မိုင်ကျော်ဝေးတဲ့ ဧရာဝတီမြစ်ဘေး ဆီမီးခုံရွာအနီးက စစ်သင်္ဘောနဲ့ ရဲစခန်းတို့ကနေ လက်နက်ကြီးတွေနဲ့ ဆုံရွာဘက်ကို ပစ်ခတ်ခဲ့တာလည်းရှိတယ်လို့ သူကဆိုပါတယ်။
ဆုံရွာက ပျူစောထီးစခန်းကို CDSOM အပြင် မြင်းခြံမြို့နယ်မှာရှိတဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး စခန်းကို မသိမ်းနိုင်ခဲ့ဘဲ ဆုတ်ခွာခဲ့ရတယ်လို့လည်း ဆိုပါတယ်။ စစ်ကောင်စီကတော့ PDF အဖွဲ့တွေ ဆုတ်ခွာချိန်မှာ နေအိမ် ၅၀ ခန့်ကို မီးရှို့ခဲ့တယ်လို့ စွပ်စွဲထားပြီး ကာကွယ်ရေးတပ်ဖွဲ့တွေဘက်ကတော့ ဒါကို ငြင်းဆန်ပါတယ်။
ဒီတိုက်ပွဲအတွင်း PDF အဖွဲ့ဝင် သုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး တစ်ဦးက စိုးရိမ်ရတယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဘက်က ပြောပါတယ်။
အိမ်ခြေ ၃၀၀ နီးပါးရှိတဲ့ ဆုံရွာဟာ မြင်းခြံမြို့နယ်မှာ ပျူစောထီးအင်အား အကောင်းဆုံးရွာဖြစ်ပြီး စစ်ကောင်စီလက်အောက်ခံ ပျူစောထီးတပ်ဖွဲ့တွေဟာ အနီးပတ်ဝန်းကျင်ရွာတွေကို နည်းလမ်းအမျိုးမျိုးနဲ့ ခြိမ်းခြောက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီအခြေအနေတွေနဲ့ပတ်သက်လို့ RFA အနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။ စစ်ကောင်စီရဲ့ မန္တလေးတိုင်းပြောခွင့်ရသူ တိုင်းစီးပွားရေးဝန်ကြီး ဦးသိန်းဌေးကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် ဖုန်းမဖြေပါဘူး။
ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလကလည်း မြင်းခြံမြို့နယ် ဆုံရွာက ပျူစောထီးစခန်းကို ကာကွယ်ရေးပူးပေါင်းတပ်တွေ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ပျူစောထီးတပ်ဖွဲ့ဝင် တစ်ဦး သေဆုံးခဲ့တယ်လို့ ကာကွယ်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။