မြင်းခြံမှာ ညလုံးပေါက် ပစ်ခတ်၊ ၂ ယောက်သေဆုံး

"သေသွားတဲ့သူ နှစ်ယောက်က ကြည့်ရတော်တော်ဆိုးတယ်၊ အလောင်းတွေက ရုပ်ပျက်ဆင်းပျက်ကိုဖြစ်နေတာ"

မြင်းခြံမြို့ ၆ ရပ်ကွက် ခံတပ် Photo-CJ

မန္တလေးတိုင်း၊ မြင်းခြံမြို့မှာ ဧပြီလ ၁၅ ရက် မနေ့ညပိုင်းက စစ်ကောင်စီတပ်တွေ တစ်ညလုံး ပစ်ခတ်ခဲ့တာကြောင့် ပြည်သူနှစ်ဦး သေနတ်ကျည်ထိမှန်ပြီး သေဆုံးသွားတယ်လို့ ဒေသခံတစ်ဦးက RFA ကို ဒီနေ့ နံနက် ၆ နာရီမှာ ပြောပါတယ်။

သပိတ်ခေါင်းဆောင်တွေ ခံတပ်ဖွင့်ထားတဲ့ မြင်းခြံမြို့ ၆ ရပ်ကွက်ကို စစ်ကောင်စီတပ်တွေ ည ၁ဝ နာရီခွဲလောက်ကနေစပြီး ဒီနေ့ မနက် ၂ နာရီကျော်အထိ ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။

အသက် ၂၈ နှစ်အရွယ် ရပ်ကွက်နေ ကိုကတုံးဆိုသူနဲ့ အသက် ၃၀ အရွယ် အမည်စုံစမ်းလို့မရသေးတဲ့ အမျိုးသားတစ်ဦး သေနတ်ကျည်ထိမှန် သေဆုံးသွားတာလို့ မျက်မြင်ဒေသခံက RFA ကိုပြောပါတယ်။

"သေသွားတဲ့သူ နှစ်ယောက်က ကြည့်ရတော်တော်ဆိုးတယ်၊ အလောင်းတွေက ရုပ်ပျက်ဆင်းပျက်ကိုဖြစ်နေတာ၊ အလောင်းကို မြေပြင်မှာ တရွတ်တိုက် ဆွဲထားပုံပေါ်တယ်၊ မနေ့ညက အချက် ၂၀၀ လောက်ကိုပစ်တာ၊ ကျနော်တို့အလံနက် ထောင်ထားတဲ့ ရပ်ကွက်ထဲကို ဘာသပိတ်တွေမှ မရှိတာကို ဘေးတွေကနေဝင်ပစ်တာ၊ ရပ်ကွက်တွေထဲကို ဝင်ပစ်တာ" လို့ လုံခြုံရေး အရ အမည်မဖော်လိုတဲ့ ဒေသခံက RFA ကိုပြောပါတယ်။

ပစ်ခတ်မှုကြောင့် ရပ်ကွက်ထဲက လူငယ်တွေ တိမ်းရှောင်နေကြရပြီး ဒဏ်ရာရတဲ့သူနဲ့ ဖမ်းဆီးခံရတဲ့သူ အရေအတွက်ကိုတော့ မသိရသေးပါဘူး။

ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းချိန်ကစလို့ စစ်ကောင်စီက ပစ်ခတ်သတ်ဖြတ်လို့ မြင်းခြံမြို့မှာ သေဆုံးရသူ ၂၆ ယောက်ရှိသွားပါပြီ။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org