အမျိုးသားပညာရေးဥပဒေ ကန့်ကွက် ဆန္ဒပြသူနှစ်ဦး ထောင်ချခံရ
2015.12.31

အမျိုးသားပညာရေးဥပဒေကို ကန့်ကွက်ဆန္ဒပြခဲ့တဲ့ မြင်းခြံဒီဂရီကောလိပ် ကျောင်းသား ကိုဉာဏ်မြင့်သန်းနဲ့ ဝန်းရံသူ ဦးသန့်ဇင်တို့ကို တရားမဝင်စီတန်းလှည့်လည်မှု ပုဒ်မ ၁၈ နဲ့ မြင်းခြံမြို့နယ်တရားရုံးက ဒီနေ့ ထောင်ဒဏ် တစ်လစီ အမိန့်ချမှတ်လိုက်ပါတယ်။
ထောင်ဒဏ်ချမှတ်ခံရတဲ့ ဦးသန့်ဇင်က အစိုးရအနေနဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းရေးကို အမှန်တကယ်သွားမယ် ဆိုရင် ဖမ်းဆီးထားတဲ့ ကျောင်းသား ကျောင်းသူနဲ့ ဝန်းရံသူတွေကို လွှတ်ပေးသင့်တယ်လို့ ပြောပါတယ်။
"အဓိကတာဝန်ရှိတာက နိုင်ငံတော်သမ္မတ ဦးသိန်းစိန်တို့၊ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ ဒါဟာ အာဏာလွှဲပြောင်းရေးကို အေးအေးဆေးဆေးသွားမယ်၊ ဒီမိုကရေစီကူးပြောင်းမှုနဲ့ ငြိမ်းချမ်းရေးကိုသွားမယ်၊ ဒီမိုကရက်တစ် ဖက်ဒရယ်ပြည်ထောင်စုကို သွားမယ်ဆိုလို့ရှိရင် ဖမ်းဆီးထားတဲ့ ကျနော်တို့ ကျောင်းသားတွေ၊ ဝန်းရံပြည်သူတွေကို အားလုံးချွင်းချက်မရှိ ချက်ချင်းလွှတ်ပေးရမယ်"
ကျောင်းသား ကိုဉာဏ်မြင့်သန်းနဲ့ ဦးသန့်ဇင်တို့ဟာ နိုင်ငံတော်အကြည်ညိုပျက်စေမှု၊ ဥပဒေနဲ့ ဆန့်ကျင်တဲ့အစုအဝေးမှာ ပါဝင်မှု၊ လူစုခွဲဖို့ အမိန့်ပေးတာကို မလိုက်နာမှု စတဲ့ပုဒ်မတွေနဲ့ အမှုရင်ဆိုင်ဖို့ ကျန်ရှိနေပါတယ်။
အမျိုးသားပညာရေးဥပဒေကို ကန့်ကွက်ဆန္ဒပြမှုကြောင့် မန္တလေးတိုင်းဒေသကြီး မြင်းခြံအကျဉ်းထောင်မှာ ကိုဉာဏ်မြင့်သန်းနဲ့ ဦးသန့်ဇင်အပါအဝင် ၈ ဦးကို ဖမ်းဆီးထိန်းသိမ်းထားတာ ၉ လကျော် ကြာမြင့်ပြီဖြစ်ပါတယ်။
ဒီနေ့ ရုံးထုတ်မှာ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖ့ွဲချုပ် ဗကသအဖဲ့ွဝင် ကျောင်းသား ၁ဝဝ လောက် က ဖမ်းဆီးခံထားရတဲ့ ကျောင်းသားတွေနဲ့ ဝန်းရံသူတွေကို လွှတ်ပေးဖို့ ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။