မြေနီကုန်း အကြမ်းဖက် ဖြိုခွင်းမှု နှစ်ပတ်လည်နေ့ လှုပ်ရှားမှုပြုလုပ်
2013.06.21
လွန်ခဲ့တဲ့ ၁၉၈၈ ခုနှစ် ဇွန်လ ၂၁ ရက်နေ့က စမ်းချောင်းမြို့နယ်၊ မြေနီကုန်းမှာ ဖြစ်ပွားခဲ့တဲ့ ကျောင်းသားလှုပ်ရှားမှုမှာ အကြမ်းဖက်ဖြိုခွင်းခံခဲ့ရတဲ့ အထိမ်းအမှတ်အနေနဲ့ ဒီကနေ့ ညနေ ၃ နာရီက ကျောင်းသားဟောင်းတွေ စုပေါင်းပြီး မြေနီကုန်းလမ်းဆုံမီးပွိုင့်မှာ ပန်းပွင့်ချပွဲ လှုပ်ရှားမှုတစ်ခု ပြုလုပ်ခဲ့ပါတယ်။
ကျောင်းသားဟောင်း ၁၅ ယောက်ပါဝင်တဲ့ ဒီပန်းပွင့်ချပွဲနဲ့ ပတ်သက်လို့ ပါဝင်လှုပ်ရှားသူတစ်ဦးဖြစ်တဲ့ စမ်းချောင်း ကိုဘိုဘိုက RFA ကို အခုလို ပြောပါတယ်။
"၂၁ ရက်နေ့ အခြေခံပညာကျောင်းသားများနေ့ပေါ့နော်၊ အဲဒီအချိန်မှာ ကျနော်တို့က ဆေးကျောင်းသားဆိုတော့ အပြင်မှာ ကျတော်တို့နဲ့ မသိဘူးပေါ့နော် သေသွားတာ၊ ဒါပေမယ့် ကျောင်းသားတွေဆိုတာသိတယ်၊ သူလည်းကျောင်းသား ကိုယ်လည်းကျောင်းသားဆိုတဲ့ စိတ်ဓာတ်လေးနဲ့ ဒီအချိန်မှာ ကျနော်တို့လာပြီးတော့မှ သူတို့ကို ဦးညွှန့်ဂါရဝပြုတဲ့သဘောပါပဲ၊ အဖွဲ့အနေနဲ့သွားတာ မဟုတ်ပါဘူး၊ ကျနော်တို့ ဒီ ၂၁ ရက်နေ့အတွက်ကို မြေနီကုန်းမှာ ကျသွားတဲ့ အခြေခံပညာကျောင်းသားတွေအတွက် ကျနော်တို့နိုင်သလောက် ပန်းပွင့်လေးတွေချတာပါ၊ ပန်းစည်းနဲ့ ပန်းခွေတောင်မဟုတ်ဘူး၊ ကျနော်တို့ ပန်းပွင့်လေးတွေ သူတို့အတွက်ကို အောက်မေ့ဖွယ်ရာလေးတစ်ခုလုပ်တယ်"
ဒီနေ့ ပန်းပွင့်ချတဲ့နေရာက စမ်းချောင်းမြို့နယ် ဗားဂရာလမ်းနဲ့ ပြည်လမ်းထောင့် ပဒုမ္မာကွင်းဘက်ခြမ်းမှာရှိတဲ့ မြေနီကုန်း မီးပွိုင့်လမ်းဆုံမှာဖြစ်ပြီး အရင်နှစ်တွေတုန်းကလည်း အခုလိုလှုပ်ရှားမှုမျိုး လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။