ဇေကမ္ဘာကုမ္ပဏီကို မြရိပ်ညိုမြေနေရာ ငှားရမ်းထားတာကို တပ်စစ်ထောက်ချုပ်ရုံးက ပြန်လည်ရုပ်သိမ်း

ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ်ကစပြီး စစ်ထောက်ချုပ်ရုံးက ဇေကမ္ဘာကုမ္ပဏီကို အမေရိကန်ဒေါ်လာ ၄၁.၃၈၂ သန်းနဲ့ နှစ် ၇၀ မြေငှားရမ်းဖို့ သဘောတူခဲ့တဲ့ ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်မှာရှိတဲ့ မြရိပ်ညိုမြေနေရာ ငှားရမ်းခြင်းကို တပ်မတော်စစ်ထောက်ချုပ်ရုံးဘက်က ပြန်ရုပ်သိမ်းလိုက်ပါတယ်။

ဇေကမ္ဘာဦးခင်ရွှေကို ၂ဝ၁၅ ခုနှစ် နိုဝင်ဘာလ ၁၁ ရက်နေ့က တွေ့ရစဉ် Photo: Kyaw Zin Than/RFA

ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ်ကစပြီး စစ်ထောက်ချုပ်ရုံးက ဇေကမ္ဘာကုမ္ပဏီကို အမေရိကန်ဒေါ်လာ ၄၁.၃၈၂ သန်းနဲ့ နှစ် ၇၀ မြေငှားရမ်းဖို့ သဘောတူခဲ့တဲ့ ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်မှာရှိတဲ့ မြရိပ်ညိုမြေနေရာငှားရမ်းခြင်းကို တပ်မတော် စစ်ထောက်ချုပ်ရုံးဘက်က ပြန်ရုပ်သိမ်းလိုက်ပါတယ်။

ကုမ္ပဏီအနေနဲ့ စာချုပ်ပါ စည်းကမ်းချက်တွေကို ချိုးဖောက်တာကြောင့် ငှားရမ်းမှုကို ပြန်လည်ရုပ်သိမ်း တာဖြစ်တယ်လို့ တပ်မြို့စည်ပင်သာယာရေးအဖွဲ့၊ ရန်ကုန်ရုံး အတွင်းရေးမှူး ဦးမိုးမင်းဝင်း ကပြောပါတယ်။

"MOA စာချုပ်ကို ပြန်သိမ်းရတဲ့အကြောင်းရင်းက သူတို့ငှားရမ်းခကို နှစ်နှစ်အတွင်းမှာ ငါးကြိမ်ပေးသွင်းရ မှာပေါ့နော်၊ သူတို့က နှစ်ကြိမ်ပဲပေးသွင်းပြီးတော့မှ ကျန်တာပျက်ကွက်တယ်၊ ဒုတိယအချက်က ရှေးဟောင်း အဆောက်အဦလို့ သတ်မှတ်ထားတဲ့ မြို့တော်ဝန်ဟောင်းနေအိမ်ရယ်၊ မြို့တော်ဝန်ဧည့်ဆောင်ကို အဲနှစ်လုံးကို ခွင့်ပြုချက်မဲ့ ဖြိုဖျက်လိုက်တာပေါ့၊ အဲဒီအကြောင်းတွေကြောင့် စာချုပ်စည်းကမ်းကို ဖောက်ဖျက်တဲ့ အတွက်ကြောင့် ကျနော်တို့လုပ်ခွင့်မပြုတော့ဘူး"

စာချုပ်ချုပ်ဆိုတဲ့ ၂၀၁၄ ခုနှစ်ကစပြီး ၂၀၁၆ ခုနှစ် ဇန်နဝါရီလအထိ ကန်ဒေါ်လာ ၄၁.၃၈၂ သန်းကို ၅ ကြိမ်ခွဲသွင်းဖို့ သဘောတူထားပေမယ့် ကုမ္ပဏီဘက်က ကန်ဒေါ်လာ၂၄ သန်းကျော်ပေးသွင်းဖို့ ကျန်နေတာဖြစ်ပါတယ်။

ကုမ္ပဏီအနေနဲ့ ငွေပေးသွင်းစဉ်ကလည်း နိုင်ငံတော်ဘဏ္ဍာငွေထဲကို ပေးသွင်းခဲ့တာဖြစ်တာကြောင့် စစ်ထောက် ချုပ်ရုံးက စာချုပ်ကို ပယ်ဖျက်လိုက်ပြီး ကုမ္ပဏီဘက်က ပေးသွင်းပြီးငွေတွေကို ပြန်လည်တောင်းခံလိုတယ်ဆိုရင် အစိုးရထံကသာ တောင်းခံရမှာ ဖြစ်တယ်လို့ ဦးမိုးမင်းဝင်း ကပြောပါတယ်။

ဒီမြေနေရာမှာ တရုတ်နိုင်ငံအစိုးရပိုင် တရုတ်ဆောက်လုပ်ရေး အင်ဂျင်နီယာကော်ပိုရေးရှင်း CSCEC ကုမ္ပဏီနဲ့ အမေရိကန်ဒေါ်လာ သန်း ၅ဝဝ ခန့်ကုန်ကျမယ့် Yangon New World Project ဆောက်လုပ်ဖို့ သဘောတူစာချုပ် ထားတဲ့ မြေနေရာဖြစ်ပါတယ်။ ဒီနေရာကို ပြီးခဲ့တဲ့လက တရုတ် ဟူနန်ပြည်နယ်အုပ်ချုပ်ရေးမှူးကိုယ်တိုင် လာရောက်ကွင်းဆင်း စစ်ဆေးကြည့်ရှုခဲ့တယ်လို့လည်း သိရပါတယ်။

ဒီလို မြေငှားရမ်းစာချုပ် ရုပ်သိမ်းတာနဲ့ ပတ်သက်ပြီး ဇေကမ္ဘာကုမ္ပဏီ ဥက္ကဌ ဦးခင်ရွှေ ကို RFA က ဆက်သွယ်မေးမြန်းရာမှာ နိုင်ငံခြားခရီးသွားရောက်နေတဲ့အတွက် ခေါ်ဆိုလို့မရခဲ့ပါဘူး။ ဇေကမ္ဘာဦးခင်ရွှေဟာ ပြည်ထောင်စုလွှတ်တော် အထူးကိစ္စရပ်များကော်မတီဥက္ကဋ္ဌ သူရဦးရွှေမန်းရဲ့ ခမည်းခမက်တော်စပ်ပြီး ဦးရွှေမန်းကို ဒီကော်မရှင်အတွက် တာဝန်ပေးခဲ့တာကို တပ်မတော်က အကြိမ်ကြိမ်ကန့်ကွက်ခဲ့ဖူးပါတယ်။

တပ်မြို့စည်ပင်သာယာရေးအဖွဲ့ အတွင်းရေးမှူး ဦးမိုးမင်းဝင်း ကတော့ ဒီလိုစာချုပ်ရုပ်သိမ်းခဲ့တာဟာ စည်းကမ်းချိုးဖောက်မှုကြောင့်ဖြစ်ပြီး ပုဂ္ဂိုလ်ရေးအရ မပါဝင်ကြောင်း RFA ကို ဖြေကြားခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org