မြဝတီကိုလူကုန်ကူးခံရတဲ့ မော်ရိုကိုနိုင်ငံသား ၁၂ ဦးကို ထိုင်းရဲကယ်တင်

RFA Burmese
2024.07.05
မြဝတီကိုလူကုန်ကူးခံရတဲ့ မော်ရိုကိုနိုင်ငံသား ၁၂ ဦးကို ထိုင်းရဲကယ်တင် အွန်လိုင်းငွေလိမ်ဂိုဏ်းများရှိရာ ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ရွှေကုက္ကိုမြို့သစ်တွင်ရှိသည့် အဆောက်အအုံများကို တွေ့ရစဉ်။
RFA

မြန်မာနိုင်ငံမှာ အလုပ်ရမယ်ဆိုပြီး မြဝတီကို လူကုန်ကူးခံရတဲ့ မော်ရိုကိုနိုင်ငံသား ၁၂ ဦးကို ထိုင်းရဲတွေက ဇူလိုင် ၅ ရက်နေ့က နယ်စပ်ဂိတ်ကတစ်ဆင့် ထိုင်းနိုင်ငံ တာ့ခ် ခရိုင်ကို ခေါ်ဆောင်သွားပြီဖြစ်ကြောင်း The Nation သတင်းက ဖော်ပြပါတယ်။

မြန်မာနိုင်ငံမှာ ပိတ်မိနေတဲ့ သူ့နိုင်ငံသား ၂၁ ဦးကို ကယ်တင်ဖို့ မော်ရိုကိုသံရုံးက ထိုင်း Move Forward ပါတီအမတ် Rangsiman Rome ကို မေလက ဆက်သွယ်ခဲ့ပြီးနောက် ထိုင်းတော်ဝင်တပ်နဲ့ မော်ရိုကိုသံရုံးတို့ ပူးပေါင်းပြီး ဒီလူတွေကို ကယ်တင်ဖို့ စစ်ဆင်ရေးစတင်ခဲ့တယ်လို့ ဆိုပါတယ်။

ထိုင်းတော်ဝင်တပ်က လူကုန်ကူးခံရတဲ့ မော်ရိုကိုနိုင်ငံသားတွေရဲ့ အခြေအနေတွေကို ပြည်တွင်း NGO အဖွဲ့တွေနဲ့ လူသားချင်းစာနာထောက်ထားမှု ကူညီပေးရေးအဖွဲ့တွေနဲ့ တိုင်ပင်ပြီး လောင်းကစားရုံပိုင်ရှင်နဲ့ ညှိနှိုင်းဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။ ပြန်လွတ်လာတဲ့သူတွေကို မေးမြန်းချက်အရ သူတို့ ၂၁ ဦးဟာ မော်ရိုကိုနိုင်ငံတွင်းက တယ်လီဖုန်း Call Center ဂိုဏ်းတစ်ခုရဲ့ လိမ်လည်လှည့်ဖြားခံခဲ့ရပြီး လူကုန်ကူးခံခဲ့ရတာလို့ ဆိုပါတယ်။ ကျန်ခဲ့တဲ့ ကိုးဦးထဲက ခုနှစ်ဦးက လူလိမ်ဂိုဏ်းကို သူတို့မိဘတွေက ငွေပေးခဲ့လို့ ပြန်လည်လွတ်မြောက်လာခဲ့ပြီး ၂ ဦးကတော့ ဆက်ပြီးအလုပ်လုပ်နေဆဲလို့ ဆိုပါတယ်။

ဒီအတောအတွင်းမှာပဲ မြန်မာနိုင်ငံကို လူကုန်ကူးခံရတဲ့ ဖိလစ်ပိုင်နိုင်ငံသားအဖွဲ့တစ်ဖွဲ့က မြန်မာနိုင်ငံကနေ ပြန်လည်ထွက်ခွာခွင့်ရဖို့ ကြိုးပမ်းနေတယ်လို့ ဖိလစ်ပိုင်နိုင်ငံခြားရေးဌာန DFA တာဝန်ရှိသူတစ်ဦးက ပြောကြား‌ပါတယ်။

ဒီဖိလစ်ပိုင်နိုင်ငံသားတွေဟာ ဘန်ကောက်မှာ အလုပ်လုပ်ရမယ်လို့ ဖြားယောင်းခံရပြီးနောက် မြန်မာနိုင်ငံကို ပို့ဆောင်ခံရပြီး Crypto လုပ်ငန်းတွေမှာ အလုပ်လုပ်ခိုင်းခဲ့တယ်လို့ ဆိုပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။