မြောင်းမြမှာ ကလေး ၂၆ ဦးအပါအဝင် ရိုဟင်ဂျာ ၄၂ ဦး အဖမ်းခံရ

ဧရာဝတီတိုင်း မြောင်းမြမြို့နယ်၊ ငါးမြင်းချောင်းကျေးရွာအနီးတွင် ၂၀၂၂ ခုနှစ် စက်တင်ဘာ ၁၉ ရက်နေ့က ‌ဖမ်းဆီးခံခဲ့ရသည့် ရိုဟင်ဂျာများအား တွေ့ ရစဉ်။
ဧရာဝတီတိုင်း မြောင်းမြမြို့နယ်၊ ငါးမြင်းချောင်းကျေးရွာအနီးတွင် ၂၀၂၂ ခုနှစ် စက်တင်ဘာ ၁၉ ရက်နေ့က ‌ဖမ်းဆီးခံခဲ့ရသည့် ရိုဟင်ဂျာများအား တွေ့ ရစဉ်။ (Photo: SKA)

ဧရာဝတီတိုင်း မြောင်းမြမြို့နယ်၊ ငါးမြင်းချောင်းကျေးရွာအနီးမှာ စက်တင်ဘာ ၁၉ ရက် မ‌နေ့က အသက်မပြည့်သေးတဲ့ ကလေး ၂၆ ဦးအပါအဝင် ရိုဟင်ဂျာ ၄၂ ဦး ဖမ်းဆီးခံခဲ့ ရတယ်လို့ မြောင်းမြဒေသခံတွေက RFA ကို ဒီကနေ့ ပြောပါတယ်။

ငါးမြင်းချောင်းကျေးရွာထဲ အမည်မသိအမျိုးသမီးတစ်ဦး ဝင်ရောက်လာတဲ့အတွက် ကျေးရွာအုပ်ချုပ်ရေးမှူးက ခေါ်ယူမေးမြန်းပြီးတဲ့နောက်မှာ ဧရာဝတီတိုင်းကို စက်လှေနဲ့ လာကြတဲ့ ရိုဟင်ဂျာ ၄၂ ဦး အခုလို အဖမ်းခံခဲ့ရတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မြောင်းမြဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“ငါးမြင်းချောင်းရွာက အုပ်ချုပ်ရေးမှူးရဲ့ ဆန်စက်နားမှာ နေ့ခင်း တစ်နာရီလောက်မှာ ဖမ်းမိတာ၊ သူတို့ကို မေးမြန်းပြီးတော့ ငါးမြင်းချောင်းကျေးရွာ စာသင်ကျောင်းမှာ ထမင်းတွေ ဘာတွေ ကျွေးပြီးတော့မှ ရဲက လာခေါ်သွားတာ”

ဖမ်းဆီးခံရသူတွေဟာ အသက် ၁၈ နှစ်အောက် ယောကျ်ားလေး ၁၈ ဦး၊ မိန်းကလေး ရှစ်ဦးနဲ့ အသက် ၁၈ နှစ်အထက် အမျိုးသား ရှစ်ဦး၊ အမျိုးသမီး ရှစ်ဦး စုစုပေါင်း ၄၂ ဦး ဖြစ်ပါတယ်။ သူတို့ကို မြောင်းမြရဲစခန်းကို ပို့ဆောင်ခဲ့ပြီး ကိုဗစ် - ၁၉ စစ်ဆေးခဲ့ရာမှာ အမျိုးသားတစ်ဦးနဲ့ အမျိုးသမီး နှစ်ဦးမှာ ကိုဗစ် -၁၉ ရောဂါပိုး တွေ့ရှိခဲ့တယ်လို့ မြောင်းမြဒေသခံတွေက ပြောပါတယ်။

ဒေသခံတွေနဲ့ ရိုဟင်ဂျာအဖွဲ့အစည်းတွေကို မေးမြန်းစုံစမ်းချက်အရ အခု ဖမ်းဆီးခံရသူ တွေထဲမှာ ရခိုင်ပြည်နယ် ကျောက်တော်၊ ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်၊ စစ်တွေ မြို့နယ်တွေအပြင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကုတုပါလောင် ဒုက္ခသည်စခန်းကနေ ပြန်လာတဲ့ ရိုဟင်ဂျာ သုံးဦးလည်း ပါဝင်နေပါတယ်။

စက်တင်ဘာ ၁၈ ရက်နေ့ကလည်း ပုသိမ်မြို့နယ်၊ ရွှေသောင်ယံမြို့၊ နွယ်ညိုချောင်း ကျေးရွာအနီးမှာ အသက် ၁၈ နှစ်အောက် ကလေးတစ်ဦး အပါအဝင် ရိုဟင်ဂျာ ၃၂ ဦးကို စစ်ကောင်စီက ဖမ်းဆီးပြီး လောလောဆယ် ပုသိမ်ထောင်ကို ပို့ထားပါတယ်။

ဒေသခံတွေရဲ့ ပြောဆိုချက်နဲ့ ပြည်တွင်းသတင်းမီဒီယာတွေကို အခြေခံပြီး RFA က ပြုစု ထားတဲ့ အချက်အလက်တွေအရ ၂၀၂၁ ခုနှစ် ဒီဇင်ဘာကနေ ၂၀၂၂ ခုနှစ် စက်တင်ဘာ ၆ ရက်နေ့အထိ ကုန်းလမ်း၊ ရေလမ်းတွေကတစ်ဆင့် ရခိုင်ပြည်နယ်ကို စွန့်ခွာဖို့ ကြိုးစားတဲ့ ရိုဟင်ဂျာ ၈၀၀ နီးပါး မြန်မာနိုင်ငံ ဒေသအသီးသီးမှာ ဖမ်းဆီးခံခဲ့ရပါတယ်။

အခုရက်ပိုင်းအတွင်း ရိုဟင်ဂျာတွေ အနေများတဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တော ဒေသမှာ ရက္ခိုင့်တပ်တော် AA နဲ့ စစ်ကောင်စီတပ်အကြား တိုက်ပွဲတွေ နေ့စဉ်နီးပါး ပြင်းထန်နေပြီး ရိုဟင်ဂျာ မိသားစုနှစ်စု နယ်စပ်ဖြတ်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ပြေး တာ၊ မြန်မာဘက်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီး ကျည်ဆန် ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက် ကျရောက်ပြီး ရိုဟင်ဂျာလူငယ်တစ်ဦး သေဆုံးတာတွေ ဖြစ်ခဲ့ပါတယ်