မြောင်မြို့နယ် ညောင်ကားယားရွာကို နှစ်ရက်ဆက်တိုက် မီးရှို့

2022.10.09
မြောင်မြို့နယ် ညောင်ကားယားရွာကို နှစ်ရက်ဆက်တိုက် မီးရှို့ မီးရှို့ခံရသည့် စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ညောင်ကားယားရွာမှ နေအိမ်အချို့ကို ၂၀၂၂ ခုနှစ် အောက်တိုဘာလ ၈ ရက်နေ့တွေ့ရစဉ်။
ဓာတ်ပုံ - မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့-CDSOM

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်က ညောင်ကားယားရွာကို စစ်ကောင်စီတပ်တွေက အောက်တိုဘာလ ၈ ရက်နဲ့ ၉ ရက် နှစ်ရက်ဆက်တိုက် မီးရှို့ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အောက်တိုဘာလ ၈ ရက် မနေ့က မီးရှို့မှုမှာ နေအိမ် ၁၂ လုံးမီးလောင်ကျွမ်းခဲ့ပြီး အောက်တိုဘာလ ၉ ရက် ဒီကနေ့ မနက် မီးထပ်ရှို့တာမှာ နေအိမ် ကိုးလုံး မီးလောင် ပျက်စီးခဲ့တယ်လို့ မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေး နဲ့ လုံခြုံရေးအဖွဲ့(CDSOM) တာဝန်ခံ ကိုနွေဦးက ပြောပါတယ်။

"မနေ့ ည ၉ နာရီလောက်မှာ ပန်းညိုရွာကထွက်ပြီး ညောင်ကားယားရွာထဲကို ပြန်ဝင်တယ်။ ပြန်ဝင်ပြီး ဒီနေ့မနက်ပိုင်းမှာ သင်္ဘောတွေနဲ့ ဧရာဝတီမြစ်အရှေ့ပိုင်းကို ပြန်မထွက်ခင်မှာ မီးရှို့ခဲ့တယ်"

ရွာထဲက ထွက်ခွာသွားပြီးနောက် စစ်ကောင်စီတပ်သားတွေက ညောင်ကားယားရွာဘက်ကို လက်နက်ကြီး သုံးလုံး ပစ်ခတ်ခဲ့တယ်လို့ သူကပြောပါတယ်။ ဒီပစ်ခတ်မှုကြောင့် ထိခိုက်ဒဏ်ရာ ရတာမရှိဘူးလို့ ပြောပါတယ်။

အိမ်ခြေ ၃၀၀ ဝန်းကျင်ရှိပြီး လူဦးရေ ၈၀၀ နီးပါးနေထိုင်တဲ့ ညောင်ကားယားရွာမှာ နှစ်ရက်အတွင်း လူနေအိမ် ၂၁ လုံးမီးလောင်ဆုံးရှုံးခဲ့တာပါ။

အရပ်သားတွေကတော့ ဘေးလွတ်ရာ တောတောင်တွေထဲမှာ ထွက်ပြေးတိမ်းရှောင် နေကြတယ်လို့ ဒေသခံတွေကပြောပါတယ်။

စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ သူ့ရဲ့တပ်ဖွဲ့ဝင်တွေဟာ အရပ်သားတွေ နေထိုင်တဲ့ ကျေးရွာတွေနဲ့ အဆောက်အအုံတွေကို မီးရှို့ဖျက်ဆီးတာ မရှိဘူးလို့ ယခုနှစ် သြဂုတ်လအတွင်းက ငြင်းဆန်ခဲ့ပါတယ်။

မီးလောင်ပျက်စီးမှုတွေကို စာရင်းပြုစုနေတဲ့ Data for Myanmar အဖွဲ့ကတော့ အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်ကနေ ၂၀၂၂ ခုနှစ် သြဂုတ်လအထိ စစ်ကောင်စီ တပ်သားတွေက မီးရှို့ဖျက်ဆီးခဲ့လို့ စစ်ကိုင်းတိုင်းအတွင်း နေအိမ်၂၀၁၅၃ လုံး မီးလောင်ဆုံးရှုံးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။