မြောင်မြို့နယ်က ကျောင်းတွေမှာ သွေးလွန်တုပ်ကွေးနဲ့ ဖျားနာကူးစက်မှုများနေ

RFA Burmese
2024.11.06
မြောင်မြို့နယ်က ကျောင်းတွေမှာ သွေးလွန်တုပ်ကွေးနဲ့ ဖျားနာကူးစက်မှုများနေ စစ်ကိုင်းတိုင်း မြောင်မြို့နယ်တွင် သွေးလွန်တုပ်ကွေး၊ ဖျားနာခြင်းများအတွက် ဒေသခံများအား ကျန်းမာရေးစောင့်ရှောက်မှုပေးနေသည်ကို ၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၂ ရက်နေ့က တွေ့ရစဉ်။
မြောင်လူငယ်ကွန်ရက်

စစ်ကိုင်းတိုင်း မြောင်မြို့နယ်က အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ စာသင်ကျောင်းတွေမှာ ကလေးငယ်တွေ သွေးလွန်တုပ်ကွေး၊ ဝမ်းရောဂါနဲ့ ဖျားနာတာတွေများနေတာကြောင့် ဆေးဝါးအကူအညီလိုအပ်နေတယ်လို့ ကူညီပေးနေသူတွေက ပြောပါတယ်။

ကူးစက်ခံရသူ လေးရာကျော်ကို ဆေးဝါးကုသပေးနေသလို ကျန်းမာရေးအသိပညာပေးတာတွေ ဆောင်ရွက်နေကြောင်း မြောင်လူငယ်ကွန်ရက် (YFC) တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

“သွေးလွန်တုပ်ကွေးနဲ့ ဖျားနာတာတွေ အများအပြားတွေ့ရတယ်ဗျ။ မြောင်နယ်ဘက်မှာတော့ ဝမ်းရောဂါဆိုးဆိုးဝါးဝါးဖြစ်နေတာ မတွေ့ရဘဲ သွေးလွန်တုပ်ကွေးလို ဖျားနာတာမျိုးတွေတော့ မြေပြင်ကျောင်းအများစုမှာ ဖြစ်နေတယ်ဗျ”

NUG အစိုးရရဲ့ ကြားကာလပညာရေးသင်ကြားပေးနေတဲ့ စာသင်ကျောင်းသုံးကျောင်းက ကျောင်းသားပေါင်း ၅၀၀ နီးပါရှိပြီး နိုဝင်ဘာလဆန်းက စတင်ပြီး စာသင်ကျောင်းတွေမှာ သွေးလွန်တုပ်ကွေးနဲ့ ဝမ်းပျက်ဝမ်းလျောဖြစ်လာတာလို့ ဆိုပါတယ်။

နာမကျန်းသူတွေထဲမှာ စစ်ဘေးဒုက္ခသည်စခန်းက ကလေးငယ်တွေပါသလို စာသင်ကျောင်းတချို့မှာလည်း ကူးစက်ရောဂါမဖြစ်ပွားဖို့ ကျန်းမာရေးအသိပညာပေးဆောင်ရွက်ဖို့ လိုအပ်နေတယ်လို့ ကူညီပေးနေသူတွေက ပြောပါတယ်။

မြောင်မြို့နယ်နဲ့ နီးစပ်တဲ့ မကွေးတိုင်းထဲမှာ ဝမ်းရောဂါဖြစ်ပွားသူများပြားနေသလို စစ်ဘေးဒုက္ခသည်တွေရှိနေပြီး ရာသီအကူးအပြောင်းကြောင့် လူကြီးအများစုလည်း ဖျားနာနေတဲ့အတွက် နယ်လှည့်ဆေးကုသရေးအဖွဲ့တွေက ကုသပေးနေရတယ်လို့ ကူညီပေးနေသူတွေကပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။