မြောက်ဦးပဋိပက္ခမှာ ပါဝင်ပတ်သက်သူ ၅ ဦး ထောင်ဒဏ် ၃ နှစ်စီ ချမှတ်ခံရ
2013.07.31
ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် ပုရိန်ေကျးရွာမှာ ပြီးခဲ့နှစ် အောက်တိုဘာလအတွင်းက ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက် ပဋိပက္ခတွေနဲ့ ပတ်သက်ပြီး ဖမ်းဆီးထားသူ ၅ ဦးကို ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၄၃၆ မီးရှို့မှုနဲ့ စစ်တွေမြို့နယ် တရားရုံးကနေ ဒီနေ့ ထောင်ဒဏ် ၃ နှစ် အသီးသီးချမှတ်လိုက်ပါတယ်။
အခုလို ပြစ်ဒဏ်တွေချမှတ်လိုက်တာကို ကျေနပ်မှုမရှိတဲ့အတွက် စစ်တွေခရိုင်တရားရုံးကို မကြာခင် အယူခံဝင်ရောက်သွားဖို့ရှိတဲ့အကြောင်း အမှုကိုလိုက်ပါဆောင်ရွက်ခဲ့တဲ့ တရားလွှတ်တော်ရှေ့နေ ဒေါ်အေးနုစိန်က RFA ကိုပြောပါတယ်။
တရားရုံးက ဒီကနေ့ အမိန့်ချမှတ်ခဲ့တဲ့သူတွေဟာ ပုရိန်ကုန်းကျေးရွာက ဦးထွန်းရွှေမောင်၊ မောင်သာကုန်းကျေးရွာ က ဦးမောင်မောင်နိုင်၊ ပန်းမြောင်းကျေးရွာက ဦးမြင့်နိုင်နဲ့ ကျောင်းတောင်ကျေးရွာက ဦးကံသာအောင်၊ ဦးမောင်ထွီးစိန် တို့ ၅ ဦး ဖြစ်တယ်လို့လည်း သိရပါတယ်။
ပြီးခဲ့တဲ့နှစ် အောက်တိုဘာလအတွင်းက မြောက်ဦးမြို့နယ်မှာဖြစ်ပွားခဲ့တဲ့ နေအိမ်မီးရှို့ အကြမ်းဖက်မှုတွေနဲ့ ပတ်သက်ပြီး အာဏာပိုင်တွေက ဒေသခံ ၉ ဦးကို ရုံးတင်စစ်ဆေးခဲ့ရာမှာ ၄ ဦးကို ပြီးခဲ့တဲ့လပိုင်းအတွင်း က တရားရုံးကပြန်လွှတ်ပေးခဲ့ပြီး ကျန်တဲ့အခု ၅ ဦးကို ပြစ်ဒဏ်တွေချမှတ်ခဲ့တာပါ။